ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်တွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြား အောက်တိုဘာလ ၁၆ ရက်နေ့ (ယနေ့)တွင် တိုက်ပွဲဖြစ် ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့ပြီး ဒေသခံအချို့လည်း ထွက်ပြေးတိမ်ရှောင်နေရသည် ဟု PSLF/TNLA နှင့် ဒေသခံများက ပြောသည်။
ယနေ့ နံနက်ပိုင်း ၆ နာရီကျော် အချိန်တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်စပ်ကျေးရွာနှင့် နောင်ပိတ်ကျေး ရွာကြားတွင် တပ်မတော်မှ တပ်မ ၉၉ ၊ ခမရ ၁၅ တပ်များနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တ အန်းတပ်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိကာ တပ်မတော်ဘက်ကလည်း ၃ ဦးသေ၊ တစ်ဦး ဒဏ်ရာရ ရှိခဲ့ သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
သို့သော် တပ်မတော်ဖက်မှ ကျဆုံးမှုကို သီခြား အတည်ပြုချက်ရယူနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကို ဆက်သွယ်၍ မရသေးပေ။
တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ဒီတိုက်ပွဲဖြစ်တဲ့ အနီးတစ်ဝိုက်တော့ လက်နက်ကြီးကျတာတွေ ကြားရတယ်။ တိုက်ပွဲ နှစ်ဘက်ဖြစ်တဲ့ ပုံစံမျိုး ပေါ့၊ နေရာက မြို့ နဲ့သိပ်မဝေးဘူး၊ မြို့ နားလေးပါပဲ၊ လက်နက်ကြီးတွေ တောက်လျှောက်ပစ် တာမျိုးတော့ မဟုတ်ဘူး သေနတ်တွေတော့ ပစ်ကြတာ ၁ နာရီကျော်တော့ ကြားနေရတယ်” ဟု ကွတ်ခိုင် ဒေသခံ က ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် အနီးအနားကျေးရွာမှ ဒေသခံအချို့ ကွတ်ခိုင်မြို့ ၊ ရပ်ကွက် ၂ သို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု မန်စပ်ကျေးရွာက ဒေသခံများ က ပြောသည်။
“ခဏလေးပဲ ဖြစ်တာ အချိန်တော့ တိကျမကြည့်မိဘူး ၆ နာရီကျော် ၇ နာရီခွဲ လောက်ပဲ၊ အခုတော့ ဘာမှ မဖြစ်တော့ဘူး၊ မန်စပ်ရွာနဲ့နောင်ပိတ်ရွာကြားမှာ ဖြစ်တာပေါ့။ လက်နက်ကြီး လက်နက်ငယ် သုံးတာတော့ ကြားတယ်၊ ဘယ်ဘက်သုံးတော့ မသိဘူး၊ ရွာမှာတော့ ဘာမှ မဖြစ်ဘူး၊ ဒီမနက်မှာ တချို့ မြို့ (ကွတ်ခိုင်) ဘက်ထွက်သွားတာတွေ ရှိတယ်၊ အခုတော့ တစ်ချို့တွေ ပြန်လာကြပြီ။ ကလေးအမေတွေနဲ့ ကလေးတွေ တော့ မလာသေးဘူး” ဟု မန်စပ်ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။
တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ရှိ မသန်စွမ်းကျောင်းနှင့် ဒေသခံများမှာလည်း ဗုံးခိုကျင်းထဲတွင် ခိုလှုံခဲ့ကြရ သည်ဟု ကွတ်ခိုင် ဒေသခံ တစ်ဦးက ပြောသည်။
“ဒီနေ့မနက်လည်း တချို့ ဆို ဗုံးခိုကျင်းထဲမှာ သူတို့ တိမ်းရှာင်နေရတဲ့ လူတွေရှိတယ်။ အဲဒီတိုက်ပွဲ ဖြစ်တဲ့ နားမှာလည်း မသန်စွမ်းကျောင်းတွေ ရှိတယ်။ အဲ့ကျောင်းက မသန်စွမ်းကလေးတွေ သူတို့ လည်း ဗုံးခို ကျင်းထဲ ထွက်ပြေးတိမ်ရှောင်နေတာတွေ ရှိတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကွက်ခိုင်မြို့ အတွင်း လုံခြုံရေးအရ ခရီးသွားလာမှုများ ခေတ္တပိတ်ထားခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် နောက်ပိုင်းတွင် လမ်းများ ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
ပြီးခဲသည့် အောက်တိုဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သိန္နီမြို့ထဲတွင် တပ်မတော် ယာဉ် တန်းကို တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ၂ ဦးထက်မနည်း ကျဆုံးခဲ့သည် ဟု သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း လူနေအိမ်များပေါ်သို့ လက်နက်ကြီး ကျည်ကျ ရောက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ မန်အောင်စု စည်းကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း ရှမ်းပြည်ပြည်မြောက်ပိုင်းတွင် ယနေ့အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားနေသည့်အတွက် ဒေသခံ ပြည်သူများမှာ အကြောက်တရားများ ကြီးစိုးကာ ကျီးလန့်စာစား ဘဝဖြင့် ရှင်သန်နေရသည်ဟု ဆိုသည်။







