ကေအိုင်အို အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ လာမည့် တွေ့ဆုံနွေးဆွေး ပွဲတွင် တိကျသေချာသည့် ရလာဒ်ကောင်းများထွက် ပေါ်စေလိုသည်ဟု ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များက ပြောသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ ကေအိုင်အို အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့၏ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေး ထိုးနိုင်ရေးအပေါ် မူတည်နေသည့်အတွက် အောက်တိုဘာလ အတွင်း ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်သည့်အထိ ဆွေးနွေးပေးစေချင်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
မြစ်ကြီးနားမြို့ ၊ မော်တောင်းကျေးရွာရှိ ဂျော်မဆတ်စစ်ဘေးရှောင်စခန်းက စခန်း ဒု-တာဝန်ခံ ဦးမုန်ဘန်က “အခု နောက်ထပ် ဆွေးနွေးမယ်ဆိုရင်လည်း နှစ်ဖက်ကနေ တိတိကျကျ ရနိုင်တဲ့အဖြေပေါ့နော် ရရှိအောင် ဆွေးနွေးစေချင်တယ်” ဟုပြောသည်။
အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ပြီးခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲကို အများကြီး မျှော်လင့်ထားသော်လည်း တစ်စုံတစ်ရာ တိကျသေချာသည့် အဖြေ ထွက်မလာသည့် အတွက် ဆွေးနွေးပွဲအပေါ် စိတ်ပျက်ခဲ့ရသည်ဟု ဦးမုန်ဘန်က ဆက်ပြောသည်။
“ဘယ်နှစ်ခါဆွေးနွေး ဆွေးနွေး၊ ဆွေးနွေးပွဲ ဘယ်နှစ်ခါလုပ်လုပ် အဲ့လိုမျိုး တိကျတဲ့အဖြေတစ်ခုခုက မရရှိနိုင်ဘူး ဆိုတော့ ကျနော်တို့ လည်း စိတ်ပျက်လာတယ်လို့ ပြောရမှာပေါ့နော်။ ဘာအဓိပ္ပာယ် မရှိတဲ့ ဆွေးနွေးပွဲ လို့ပဲ ခံစားမိလာတာပေါ့နော်” ဟု ပြောသည်။
ထို့ကြောင့် နှစ်ဖက်ဆွေးနွေးဖက်များအနေဖြင့် အဖြေမရသည့် ဆွေးနွေးပွဲများ မလုပ်ရန်နှင့် စစ်ဘေးရှောင် များ၏ ဘဝကို စာနာနားလည်ပေးရန် တောင်းဆိုသည်။
“ကျနော်တို့ စစ်ရှောင်ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆို ချင်တာက အဖြေမရတဲ့ ဆွေးနွေးပွဲက မလုပ် စေ ချင်ဘူးပေါ့။ ကျနော်တို့ အများကြီးမျှော်လင့်ခဲ့ပါတယ်။ ကျိုင်းတုံဆွေး နွေး ပွဲလည်း မျှော်လင့်ချက် ရမှာပဲ ဆိုပြီးမှ အများကြီးစောင့်ကြည့်မိတာပေါ့နော်။ စောင့်ကြည့် တယ်၊ ဒါပေမယ့် တကယ့်အဖြေက မရရှိဘူး။”
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ကျိုင်းတုံမြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ အပြီး သတင်းမီဒီယာများအား ဖြေကြားရာတွင် အောက်တိုဘာလ တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြရန် နှင့် ဆွေးနွေးပွဲပြုလုပ်မည့်နေရာ နှင့် အချိန်ကို ဆက်လက် ညှိနှိုင်းရန် သဘောတူထားကြသည်ဆိုသည်။
သို့သော် ယနေ့အချိန်အထိ တွေ့ဆုံဆွေးနွေးမည့်နေရာနှင့် အချိန်ကို နှစ်ဖက်ဆွေးနွေးဖက်များက ထုတ် ဖော်ပြောဆိုလာခြင်း မရှိသေးပေ။
ကချင်ဒေသစစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ ကေအိုင်အိုအပါအဝင် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့အ စည်းများနှင့် အစိုးရ၊ တပ်မတော်တို့ အပစ်ရပ် လက်မှတ်ထိုးသည့် အပေါ်တွင် မူတည်နေသည်ဟု ကူညီ စောင့် ရှောက် ရေးကော်မတီ KHCC အဖွဲ့ မှ ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ လည်းဖြစ်သည့် Rev. ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြော သည်။
“၂၀၁၁ က စတဲ့ စစ်ပွဲကြောင့် စစ်ပြေးနေရတဲ့ ပြည်သူတွေဟာ ကျနော်တို့ရဲ့ အသင်းသူ/သားများဖြစ်ပါ ပါတယ်။ အခု အဓိက စစ်ရှောင် IDPs များ နေရပ်ပြန်ရေးပဲဖြစ်ပါတယ်။ NRPC နဲ့ နှစ်ခါတွေ့ ဆုံပြီး ရွာ ၁၇ ရွေးချယ်ပြီး ပြန်ဖို့ဆွေးနွေးခဲ့တယ်။ နယ်စပ်ရော၊ အစိုးရထိန်းချုပ်နေရာရော IDPs တွေ အားလုံး ပြန်ရေးပဲ ဖြစ်တယ်။ သို့သော် အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမှ စစ်ရှောင်တွေ နေရပ်ပြန်လို့ ရမှာဖြစ် တယ်။ IDPs နေရပ်ပြန်နိုင်မှ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာမှာ ဖြစ်တယ်။ IDPs နေရပ်ပြန်ရေးဟာ အရေးကြီး ပါတယ်။”
သို့သော်လည်း KIO/KIA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေးမှာ တစ်ဆို့နေဆဲဖြစ်သည်။
နှစ်ဖက်ကြား တစ်ဆို့နေသည့် အဓိကအချက်မှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေးထိုးပြီးပါက ပဋိပက္ခဖြေရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ ဖွဲ့စည်းရေးတို့ ဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့ က ခေါင်းဆောင်များက ပြောသည်။
မြစ်ကြီးနားမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် ဦးဆိုင်းခွန်က “ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ အခါ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ချင်တယ်။ တရားဝင် လုပ်ငန်းတွေ လုပ်ချင်တယ်။ ဒါပေမယ့် အခုချိန်ထိ ရေရေရာရာ ဘာမှလည်း မတွေ့ရသေးဘူး။ အပစ်လည်း မရပ်သေးဘူး။ ရွာထဲမှာလည်း စစ်သား တွေရှိနေသေးတယ်။ အခုချိန်ထိ တရားဝင်လုပ်ငန်းလည်း လုပ်ကိုင် ဖို့မရှိသေးဘူး။ နောက်မိသားစု၊ ကလေး တွေရဲ့ ရှေ့ရေး၊ ပညာရေး၊ တအားစိုးရိမ်တယ်။ ကလေး တွေရဲ့ ပညာရေးအတွက် အဓိက ငွေရေး ကြေးရေး လိုတယ်။ ငွေရေးကြေးရေးရဖို့အတွက် လုပ်ငန်းရှိဖို့လို တယ်။ လုပ်ငန်းက ဘာမှမရှိဘူး” ဟု ပြောသည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းမှု တစ်စုံတစ်ရာ ရရှိကာ ပဏာမအဆင့် အပစ်ရပ်လက်မှတ် ထိုပြီးနောက် ဒေသအတွင်း လုံခြုံရေးအရ စိတ်ချရသည့် အခြေအနေမျိုးရောက်မှသာ စစ်ဘေးရှောင်များအ နေဖြင့် နေရပ်ပြန်ချင်သည်ဟု ပြောသည်။
နှစ်ဖက်တွေ့ဆုံမှုများ ကြန့်ကြာနေရခြင်းသည် နိုင်ငံတ ကာ ဖိအားများပေးနေသောကြောင့်သာ တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း ကချင်လူ မှုဖွံ့ ဖြိုးရေးကွန်ရက်အဖွဲ့ KDNG) အထွေထွေအတွင်းရေးမှူး ကိုစာဂျီးက သုံးသပ်ပြောဆိုသည်။
“အဖြေမရှိတဲ့ပုဒ်စာ သင်္ချာတွက်နေတယ်လို့ပဲ မြင်နေရတယ်။ အဖြေမရှိတဲ့ဆွေးနွေးပွဲလုပ်နေတယ် ဘယ် တော့မှ အဖြေထွက်လာမှာမဟုတ်ဘူး။ တကယ်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတဲ့ဥစ္စာမတွေ့ ရှိရဘူး။ အားလုံးက သယံဇာတအရင်းအမြစ် ပြည်သူလူထုကို သိပ်ဂရုမစိုက်တဲ့အ ခြေအနေ၊ သူတို့ခေတ် မှာပဲသူတို့ ဘယ်သူသေသေ ငါမသေရင်ပြီးရော၊ ငါ့ခေတ်မှာ ငါကောင်းစားရင်ပြီးရောဆိုတဲ့ အနေအထားကို တွေ့ရှိရတယ်။ အချိန်ကုန်၊ ငွေကုန်၊ ပင်ပန်း၊ တရုတ်က ဖိအားပေးလို့၊ နိုင်ငံ ဖိအားပေးလို့ ဟန်ပြလုပ်ပြနေတဲ့ အပိုင်းမှာ ရှိတယ်။”
အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ်တပ်ပေါင်းစု တပ်မ တော် (MNTJP/MNDAA-ကိုးကန့်) တို့ ဖြစ်ကြသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ ယခု နှစ် ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် တစ်ကြိမ်၊ သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့ တွင် တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကျိုင်းတုံမြို့တွင် တစ်ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ကြ သည်။
စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ဆုံမှုတွေ NRPC မှ တာဝန်ရှိသူများအပါအဝင် တပ်မတော် ဆွေး နွေး ညှိနှိုင်းရေးအဖွဲ့မှ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အဆင့်မြင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သော်လည်း Bilateral အပစ်ရပ်လက်မှတ် ရေးထိုးနိုင်သည့်အထိ ဆုံးဖြတ်ချက် မကျခဲ့ပေ။







