တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT ၏ ထိပ်တန်းခေါင်းဆောင်နေရာတစ်နေရာကို ပထမဆုံး အဖြစ် အမျိုးသမီး တစ်ဦးကို တာဝန်ပေးအပ်ခဲ့သည်။
PPWT ၏ ဒုတိယအဖွဲ့ခေါင်းဆောင်နေရာကို ပအို့ဝ်အမျိုးသမီးတစ်ဦးဖြစ်သော နန်းယဉ်ယဉ်စိုးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
NCA အပစ်ရပ်စာချူပ် သဘောတူလက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကောင်အထည်ဖော်လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ဆလိုင်း ထလာဟေး က ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦးနဲ့ ဆောင်ရွက်နေရာမှ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသမီးတစ်ဦးကို တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။
PPST က ချမှတ်တဲ့မူဝါဒတွေကို တတ်စွမ်းသမျှ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် အမျိုးသမီးခေါင်းဆောင်များ ထပ်မံပါဝင်လာနိုင်ရန်လည်း ကြိုးစားသွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် နန်းယဉ်ယဉ်စိုးက ပြောသည်။
“ဒီ PPST ကလည်းမူဝါဒ ချမှတ်ထားပြီးဖြစ်တယ်၊ အဲ့ဒီအတွက်ကြောင့်မိုလို့ ပိုမိုပြီးတော့ ကျမတို့ အမျိုးသမီးတွေ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ရေးအတွက် ကျမတို့ အခြားအဖွဲ့အစည်းတွေအနေနဲ့ရော အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ရော ဆက်စပ်အဖွဲ့အစည်းတွေ အနေနဲ့ရောပေါ့နော် ဆက်လက်ပြီးတော့မှ ကျမဒီထက်ပိုမိုပါဝင်နိုင်ရေးအတွက် ကျိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို ချမှတ်ဖော်ဆောင်မည့် ပေါ်လစီ မူဝါဒ အပိုင်းအထိ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်လာဖို့အရေး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာနိုင်ဖို့အရေးကိုလည်း နောက်တဆင့်တက်လှမ်းနိုင်ဖို့အတွက် ကျမတို့ အမျိုးသမီးတွေ အနေနဲ့ ပိုမိုပြီးတော့ ကိုယ်စားပြု ဆောင်ရွက်ရမည့် အနေအထားမှာ ရှိတယ်ဆိုတာကို လည်း ထပ်လောင်းပြီးတော့ ပြောကြားချင်ပါတယ်။”
၂၀၁၈ ခုနှစ် စက်တင်ဘာလကဖွဲ့စည်းခဲ့သည့် PPWT ကို NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးကျစီဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ကိုယ်စား နန်းယဉ်ယဉ်စိုး ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်မှုအဆင့်ဆင့်တွင် အမျိုးသမီးများ ပါဝင်မှုတိုးမြင့်ရေးအတွက် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် အမျိုးသမီး အဖွဲ့များက အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း အနည်းဆုံး ၃၀ ရာနှုန်းပါဝင်ခွင့်ပြုရန် မူအားဖြင့်သဘောတူထားပြီးဖြစ်သော်လည်း အမျိုးသမီးပါဝင်မှုမှာ နိမ့်ကျနေဆဲဖြစ်သည်။
“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှာ စံအနေနဲ့တော့ အခုဆိုလို့ရှိရင် PPWT မှာ နန်းယဉ်ယဉ်စိုး ကို ဒုတိယခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်လိုက်ပြီး ဖြစ်ပါတယ်။ ဒါကိုကျမတို့ ကြိုဆိုတယ်၊ ရှေ့မှာလည်းပဲ အမျိုးသမီး အမျိုးသား ဆိုပြီးတော့မှ ခွဲခြားတာမျိုးမရှိပဲနဲ့ ထိုက်တန်တဲ့အတိုင်း အမျိုးသမီးတွေကို နေရာပေးလာလိမ့်မယ် လို့လည်း ကျမတို့အနေနဲ့ မျှော်လင့်ပါတယ်။” ဟု ရခိုင်အမျိုးသမီးအစည်းအရုံး RWU ၏ ဉက္ကဌ စောမြရာဇာလင်းက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ၅ ကြိမ်မြောက် အစည်းအဝေးမှာ PPWT ၏ လစ်လပ်နေသော ဒုတိယအဖွဲ့ခေါင်းဆောင် နေရာကို ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ရာတွင် ဦးဆောင်ရန် နန်းယဉ်ယဉ်စိုး ကို တက်ရောက်လာတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။







