ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းက သိန္နီမြို့ထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် သိန္နီမြို့ခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သကဲ့သို့ ညနေပိုင်းတွင်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန် အောင် စုစည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၃ ဦး ထပ်မံ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက “ဒေသခံကတော့ ၂ ယောက်ပါ လင်မယား ၂ ယောက်ပေါ့ ကျည်စလေးမှန်သွားတယ်။ လင်မယား ၂ ယောက်ဆိုတာကလည်း ဒီကျူးကျော်ရပ်ကွက် ၃ မှာ နေတဲ့ လီဆူ လူမျိုး သူတို့ လင်မယား ၂ ယောက် အိမ်ပေါ်ကို ကျလာတယ် ကျည်ဆံ ဗုံးစပေါ့နော်။ လက်နက် ကြီးရဲ့ အစ အဲဒါ သူ့အမျိုးသမီးရဲ့ တံတောင်ဆစ်နား နည်းနည်းလောက်ပေါ့ နောက်သူ့ယောက်ျားကတော့ နည်းနည်းနက်တယ် ခြေထောက်ကိုထိတာ အဲဒါကို လားရှိုးပို့လိုက်ပါတယ်” ဟုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံ လင်မယား ၂ ဦးအနက် ယောက်ျားဖြစ်သူမှာ လက်နက်ကြီးကျည်စ ခြေ ထောက်အတွင်းသို့ အတော်လေး ဝင်ရောက်နေသည့်အတွက် သိန္နီတွင် ခွဲစိတ်ပါက အာရုံကြော ထိခိုက်မည်ကို စိုးရိမ်သောကြောင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်က သိန္နီမြို့အတွင်း ပစ်ခတ်မှု စက္ကန့် ၃၀ ခန့် ဖြစ် ပွားပြီးနောက် လက်နက်ကြီး ကျည်တစ်လုံး သိန္နီမြို့ရှိ ရပ်ကွက် ၃ ဖက်သို့ ကျရောက်ပေါက်ကွဲရာမှာ ဒေသခံ လီဆူဇနီးမောင်နှံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် က ပြောသည်။
ထို့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်အောင်စု စည်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ရွာသား ၃ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံ ၃ ဦးမှာ ဒဏ်ရာပြင်းထန်မှု မရှိသော်လည်း ၂ ဦးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံ တွင် ဆေးဝါးကုသမှုရန် ပို့ဆောင်ထားသည်ဟု ကွတ်ခိုင်မြို့မှ မန်အောင်စုစည်းကျေးရွာသို့ ရောက်ရှိနေသည့် မိုင်းမိုင် က ပြောသည်။
“ကျမအခု သူတို့ရွာရောက်နေတာ လက်နက်ကြီးရှပ်ထိတာ ၃ ယောက်ထိတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒီမှာလည်း ရွာမှာလည်း တစ်ယောက်ထိ တယ်။ သူလည်းလက်နက်ကြီးစထိတာ ဒါပေမယ့် ဒဏ်ရာ မပြင်းထန်လို့ သူဆေးရုံမရောက်ရဘူးပေါ့။ အမျိုးသမီး တစ်ယောက်နဲ့ ကလေးတစ်ယောက်ပေါ့နော်။ ၂ ယောက်ဖြစ်တယ် ၂ ယောက် ဆေးရုံမှာ ဒါပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာတော့ မဟုတ်ဘူးပေါ့နော်”
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း သိန္နီမြို့တွင်းတွင် တပ်မတော်ယာဉ်တန်းတစ်ခုကို တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က တိုက်ခိုက်မှုပြုလုပ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်များ နေအိမ်များပေါ်သို့ ကျရောက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၂ ဦးထက်မနည်း ကျဆုံးခဲ့သည်ဟု ဒေသခံ များနှင့် လွှတ်တော်ကိုယ် စား လှယ်များက ဆိုသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား စစ်ရေး တင်းမာမှု အနည်းငယ်ရှိနေပြီး ခရီးသွားပြည်သူများအနေဖြင့် သွားလာမှု ပြုလုပ်ပါက သတိနှင့် သွားလာကြရန် သိန္နီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက ပြောသည်။
“သတင်းကတော့ ဒီမူဆယ်ဖက်မှာလည်း နည်းနည်းရှုတ်တယ်။ ကွတ်ခိုင်မှာလည်း သွားရေးလာရေး လမ်းတစ် လျှောက် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ပေါ့နော သွားရေးလာရေး သတိထားပါ။ ပစ်တာခတ်တာ ရှိနိုင် တယ် စသဖြင့် အဲလိုလေးတွေတော့ သတင်းတွေလောက်ပဲ ကြားရတယ်။”
သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကတိကဝတ်ပြုထားသည့်အတိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိအောင် ထိန်းမတ်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို လက်တွေ့ကျကျ ဖော်ဆောင်မည် ဆိုပါက ကောင်းမွန်သည့် ရလဒ်ကို ထွက်ပေါ်လာနိုင်သည်ဟု စိုင်းဦးခမ်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
ထိုအဆိုပါ တိုက်ခိုကမှုများကြောင့် မန္တလေး – မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ဖြစ်ပွား ခဲ့ သည့် တိုက်ပွဲများအတွင်း ဒေသခံ ပြည်သူ ၁၄ ဦး သေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာ အမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။
အဆိုပါအဖွဲ့များသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှု ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။







