ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး မြေမြှုပ်မိုင်းထပ်မံပေါက်ကွဲ

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး မြေမြှုပ်မိုင်းထပ်မံပေါက်ကွဲ
လက်လုပ်မိုင်းများ ကိုင်ပြနေစဉ် (RFA)
လက်လုပ်မိုင်းများ ကိုင်ပြနေစဉ် (RFA)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး ချိုချဉ်တောင်နေရာတဝိုက်ရှိ ခြံတစ်ခုတွင် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

အဆိုပါ အလယ်စခန်းကျေးရွာအနီးရှိ ချိုချဉ်တောင်၊ ကြောင်လျှာကွင်းနေရာတဝိုက် NCA လက်မှတ်ရေးထိုးထားကြသော မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ လှုပ်ရှားနယ်မြေတွင် ယမန်နှစ်မှစတင်၍ မြေမြှုပ်မိုင်း ၆ ကြိမ်ထက်မနည်းပေါက်ကွဲသဖြင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်များကို တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှ တစုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိဟု စုံစမ်းသိရှိရသည်။

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “ဒါက လက်လုပ်မိုင်းပဲ အခု ပေါက်ကွဲတဲ့မြေမြှုပ်မိုင်းက လူမှာပြတ်ရှထိခိုက်မှု အကြီးအကျယ်မဖြစ်ခဲ့ဘူး၊ ခြေထောက်ကျဉ်တယ်၊ ရောင်ရမ်းတယ်၊” ဟု ပြောသည်။

အလယ်စခန်းကျေးရွာအနီးပတ်ဝန်းကျင်တဝိုက်တွင် လက်သည်မပေါ်သော မြေမြှုပ်မိုင်းပေါက်ကွဲနေသည့်ဖြစ်စဉ်များကို ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးအနေဖြင့် များစွာ စိတ်ထိခိုက်ရကြောင်း၊ ဖြစ်စဉ်ကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံ တင်ပြသည့်အခါ ညှိနှိုင်းဆောင်ရွက်မည်ပေးမည်ဟုသာ ပြောဆိုခဲ့ပြီး အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ကွမ်းသီးခြံတစ်ခြံ၌ ဝဥတူးဖော်သည့် ညီအစ်ကိုယ်နှစ်ဦးအနက် ညီဖြစ်သူ နိုင်မွန်ချမ်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသဖြင့် ခြေထောက်ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူ၏ အစ်ကိုယ်ဖြစ်သူ နိုင်ရှန်က “ပေါက်ကွဲသံတစ်ခုကြားလိုက်တာနဲ့ သူ့ကိုလှည့်ကြည့်တော့ လဲကျနေပြီ၊ သူ့ဘယ်ဖက်ခြေထောက်မှာ ကျိန်းတယ်လို့ပဲ ပြောတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းနင်းမိသည့် နိုင်မွန်ချမ်း၏ ဘယ်ဖက်ခြေထောက် ဖူးရောင်လာသည့်အတွက် ည ၇ နာရီခန့်အချိန်တွင် ရေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ အခြေအနေတွင် မိုင်းအရေး ဆောင်ရွက်သူများသည် အစိုးရထံမှသော် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များထံမှ သော်လည်းကောင်း၊ မိုင်းနေရာ သတ်မှတ်ခြင်း၊ ရှင်းလင်းခြင်းများအတွက် ခွင့်ပြုချက် တစ်စုံတစ်ရာ မရသေးကြောင်းလည်း မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ၏ မြေမြှုပ်မိုင်းစောင့်ကြည့် လေ့လာရေး မြန်မာနိုင်ငံအစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အရ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အန္တရာယ်တစ်ခုဖြစ်သည့် မြေမြုပ်မိုင်းများထပ်မံပြုလုပ်ခြင်းကို တားမြစ်ထားသလို မိုင်းကင်းစင်ရေးနယ်မြေများသတ်မှတ်ဖော်ဆောင်ရန်လည်း သဘောတူညီထားသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...