DKBA တပ်ရင်းမှူးတစ်ဦး ကော့ကရိတ်မြို့တွင် လုပ်ကြံခံရ

DKBA တပ်ရင်းမှူးတစ်ဦး ကော့ကရိတ်မြို့တွင် လုပ်ကြံခံရ

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ရင်းမှူးတစ်ဦး ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်၌ရှိနေစဉ် အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ည ၇ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးလာရောက်ပြီး  AK 47 သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့သောကြောင့် DKBA အမှတ် (၉၀၉) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူး (အသက် ၄၉ နှစ်) ကျည်ဆံထိမှန်သေဆုံးခဲ့ရကြောင်း နီးစပ်သူများထံမှသိရသည်။

‘ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိပ်ကိုဝမ်းနည်းရပါတယ်၊ ‘ဘာအကြောင်းကြောင့်နဲ့ပစ်သတ်ရတာလဲ၊ ဘာအကြောင်းကြောင့်နဲ့ မသေမချင်းသတ်ရလဲဆိုတာ မရရအောင်ဖော်ထုတ်မယ်’’ ဟု DKBA ဒုတိယစစ် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောစတီးက ဆိုသည်။



လုပ်ကြံခံရသူ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူး (DKBA)

DKBA လုံခြုံရေးအပိုင်း တာဝန်ထမ်းဆောင်သူများ၏ ပေါ့ဆမှုကြောင့် တပ်ရင်းမှူးတစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးအပိုင်းကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသော DKBA အရာရှိတစ်ဦးလုပ်ကြံသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း  ကော့ကရိတ်မြို့နယ်မှ  ရဲအရာရှိတစ်ဦးက ပြောသည်။

DKBA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့ပြီး ဘုရားသုံးဆူ၊ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်များ၌ အခြေစိုက်လှုပ်ရှားလျက်ရှိရာ အလားတူလုပ်ကြံသတ်ဖြတ်ခံရမှုမျိုး ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ၁၉၉၄ ခုနှစ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ခွဲထွက်ရပ်တည်ခဲ့ရာမှ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖြစ် ၂၀၁၂ ခုနှစ်က အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...