ဆောက်လုပ်ဆဲ မွန်ပြည်သစ် မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးစခန်း ရန်ပုံငွေထပ်မံလိုအပ်နေ

ဆောက်လုပ်ဆဲ မွန်ပြည်သစ် မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးစခန်း ရန်ပုံငွေထပ်မံလိုအပ်နေ
Photo- မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးစခန်းသို့ လမ်းညွှန်(MNA)
Photo- မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးစခန်းသို့ လမ်းညွှန်(MNA)

မွန်ပြည်သစ်ပါတီ၊ မွန်သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောက်လုပ်နေသည့် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း ဆက်လက်တည်ဆောက်ရန် ရန်ပုံငွေထပ်မံလိုအပ်နေကြောင်း သိရသည်။

“လက်ရှိအခြေအနေမှာက ရထားတဲ့ အလှုငွေကျပ်သိန်း ငါးရာကျော်ကုန်သွားလို့လုပ်ငန်းရပ်နားထားရတယ်၊ ဒီစခန်းတည်ဆောက်ရေးအတွက် ငွေကျပ်သိန်း တစ်ထောင်ကျော်လောက် ကုန်ကျမယ်လို့အင်ဂျင်နီယာအဖွဲ့က တွက်ချက်ပေးခဲ့တယ်" ဟု စခန်းကော်မတီ အတွင်းရေးမှူး နိုင်တင်စိုးက ပြောသည်။

လက်ရှိတွင် လမ်းမကြီးနှင့် ဆက်သွယ်ရန်လိုအပ်သည့် ပေ (၁၂၀၀)  ကားလမ်းအကြမ်းဖောက်လုပ်ခြင်း၊ တောင်ပေါ်ရေပိုက်သွယ်တန်းခြင်း၊ ဧည့်ခန်းမဆောင်နှင့် မူးယစ်ဆေးစွဲသူများကိုထားရှိမည့် အဆောက်အအုံနေရာအကြမ်းများကိုသာ တည်ဆောက်နိုင်ခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် စခန်းအတွက် မရှိမဖြစ်လိုအပ်မည့် ဆေးကုသခန်း၊ ပညာပေးခန်း၊ လုံခြုံရေးနေရာစသည့် အဆောက်အအုံများ တည်ဆောက်ရန် ကျန်ရှိသေးကြောင်း သိရသည်။

အဆိုပါ စခန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက ရေးမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ဝယ်ဇင်ကျေးရွာအနီးတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး မူးယစ်ဆေးစွဲသူများအား လက်ခံကုသပေးရေးနှင့် ဘဝသစ်တဖန်ပြန်လည်ထူထောင်ရေးအစီအစဉ်များ ကူညီပေးနိုင်ရေး ရည်ရွယ်ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ ရေးမြို့နယ်တောင်ပိုင်း အတွင်းရေးမှူး နိုင်ကောင်းစကားက “မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဘယ်လောက်အထိဖြစ်နေလဲဆိုရင် ဆေးစွဲလို့ သူတို့မိဘတွေ လာရောက်အပ်နှံတာကို ကျနော်တို့မြို့နယ်ရုံးက နေရာအခက်အခဲကြောင့် ရပ်ဆိုင်းထားရတဲ့အထိပဲ။ အခုလို လုပ်ရတာ စိတ်မကောင်းဘူး။ ဒါပေမယ့် ထားဝယ်ခရိုင်ဋ္ဌာနချုပ်မှာ လက်ခံနေတယ်။ အဲဒီမှာ သွားအပ်ကြပါလို့ ပြောလိုက်ရတယ်၊ မြို့နဲ့အလှမ်းဝေးတော့သွားလာရေးခက်ခဲတယ်” ဟု ပြောသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိသူများကို အမျိုးသားရန်သူအဖြစ်လည်း သတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်တွင် မူးယစ်ဆေးဝါးပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၀ ကျော် ထိန်းသိမ်းထားရကြောင်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီ သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်ဌာနချုပ်တို့တွင် မူးယစ်ဆေးဝါးပြစ်မှုပြစ်ဒဏ်ကျနေသူများနှင့် ဆေးစွဲသူများကို မိဘများကိုယ်တိုင်လာရောက်အပ်နှံမှုများ အရေအတွက်ပိုမိုတိုးများလာသဖြင့် ရိက္ခာ၊ ဆေးဝါးများနှင့် လုံခြုံရေးကိစ္စရပ်များ ဝန်ပိလာနေကြောင်း တွေ့ရှိရသည်။

January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...
Photo: Bobo Win Emr
January 14, 2026
နေပြည်တော်တွင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု...
January 13, 2026
စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက်...