ကျောက်တော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်နှုတ်ထွက်

ကျောက်တော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်နှုတ်ထွက်

မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တပ်မတော်က ဖမ်းဆီးစစ်ဆေးသဖြင့် အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု အကြောင်းပြချက်များဖြင့် ကျောက်တော်မြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၆)ဦး  နှုတ်ထွက်သွားကြသည်။

“ကျွန်တော်တို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်။ အခုလို တပ်မတော်က ကျွန်တော်တို့ကို ကြက်ကလေး၊ ငှက်ကလေးတွေလို ဖမ်းဆီးပြီးတော့ စစ်တယ်။ ကျွန်တော်တို့ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ နှုတ်ထွက်ခွင့် ပေးပေး၊ မပေးပေး ကျွန်တော်တို့ကတော့ ဆက်မလုပ်တော့ဘူး” ဟု  မြို့သစ်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ပြောသည်။

၎င်းတို့ နှုတ်ထွက်စာမတင်မီ ပြည်နယ်အစိုးရအဖွဲ့ထံ တပ်မတော်က ခေါ်ယူစစ်ဆေးနေခြင်း မလုပ်ဆောင်ရန်၊ ဥပဒေအတိုင်း အဆင့်ဆင့်တာဝန်ရှိသူများကသာ စစ်ဆေးခြင်းများ ဆောင်ရွက်ရန် တင်ပြခဲ့ကြသည်။ သို့သော် ပြည်နယ်အစိုးရအဖွဲ့က ယင်းသို့လုပ်ဆောင်မပေးနိုင်ဟု ပြောကြားခဲ့သောကြောင့် နှုတ်ထွက်လိုက်ရခြင်းဟု အုပ်ချုပ်ရေးမှူးများက ဆိုကြသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ထံ ဆက်သွယ်ခဲ့ရာ ယင်းကိစ္စကို တိတိကျကျမသိဟုသာ ပြောဆိုသည်။

ကျောက်တော်မြို့နယ်က ဖမ်းဆီးထားသည့် ရပ်/ကျေး အုပ်ချုပ်ချုပ်ရေးမှူးနှစ်ယောက်ကို ပြန်လွှတ်ပေးရန်၊ နောင်တွင် တပ်မတော်က တိုက်ရိုက်ဖမ်းဆီးခြင်းများ မလုပ်ဆောင်ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆောင်ရွက်ရန် တောင်းဆိုထားကြသည်ဟု မြို့သစ်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ပြောသည်။

ကျောက်တော်မြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၉ အုပ်စုနှင့် ကျေးရွာ ၂၈၄ ရွာရှိပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၈၄ ဦးရှိသည့်အနက် ၄၆ ဦး နှုတ်ထွက်လိုက်ကြခြင်းဖြစ်သည်။

အလားတူ လွန်ခဲ့သည့် မတ်လတွင်လည်း မြောက်ဦးမြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး( ၉၈)ဦးသည် ဖမ်းဆီးခံရမှုများရှိနေသောကြောင့် လုံခြုံမှုမရှိဟုဆိုကာ နှုတ်ထွက်သွားကြပြီး လက်ရှိတွင် တစ်ချို့ ပြန်လည် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...