ကျောင်းတွင် သင်ကြားမည့် ကရင်စာသင်ရိုးစာအုပ်ကို အစိုးရဘတ်ဂျက်ဖြင့် ထုတ်ဝေမည်

ကျောင်းတွင် သင်ကြားမည့် ကရင်စာသင်ရိုးစာအုပ်ကို အစိုးရဘတ်ဂျက်ဖြင့် ထုတ်ဝေမည်

အစိုးရကျောင်းများတွင် သင်ကြားမည့် ပထမတန်း ကရင်စာသင်ရိုး ဖတ်စာအုပ်ကို အစိုးရဘတ်ဂျက်ဖြင့် ထုတ်ဝေသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန် ၃ရက် နေ့တွင် ကော့မှူးမြို့နယ်၊ ဝါးသင်္ခကျေးရွာ၊ မင်္ဂလာသိမ်ကုန်းကျောင်းတိုက်၌ ပြုလုပ်သည့် ကရင်စာသင်ရိုး မွမ်းမံသင်တန်းဆင်းပွဲတွင် ပြောသည်။

ဝန်ကြီးက “ကျမတို့ အခုဆိုလို့ရှိရင် ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ပို့ထားတယ်။ အတည် ပြုပြီးသွားရင် ပညာရေးဝန်ကြီးဌာနကို ပို့မယ်။ ပညာရေးဝန်ကြီးဌာနက စာအုပ်ထုတ်မယ်။ လောလောဆယ် မြို့နယ်အလိုက် ဆရာ၊ ဆရာမတွေ ကိုင်တွယ်ဖို့အတွက်ပဲ ပေးထားတယ်။ လာမယ့် ဆယ်လပိုင်းကုန်တာနဲ့ ကျောင်းသူကျောင်းသားတွေကိုင်ဖို့ အတွက်ပါ စာအုပ်တွေကို အစိုးရဘတ်ဂျက်နဲ့ ထပ်ထုတ်ပေးမှာဖြစ်ပါ တယ်” ဟု ပြောသည်။

လက်ရှိ သုံးနှစ်တာအချိန်အတွင်း ကရင့်သမိုင်းပြုစုရေးနှင့် ကရင်-ဗမာ-အင်္ဂလိပ် အဘိဓာန်ပြုစုရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ပြီး သင်ကြားမည့် ဆရာ၊ ဆရာများနှင့် သင်ယူမည့် ကျောင်းသူ၊ ကျောင်းသား အများအပြားရှိ လာနေပြီး ယင်းသည် မိမိတစ်ဦးတည်းမဟုတ်ဘဲ ကရင်တစ်မျိုးသားလုံး ဝိုင်းဝန်း ကြိုးပမ်းခဲ့သည့် ရလဒ်ဖြစ်သည့်အတွက် ဝမ်းသာရသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

ကော့မှူးမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီက ဖွင့်လှစ်သည့် စကောကရင်၊ အနောက်ပိုးကရင် ကရင်စာ (ပထမတန်း) သင်ရိုးနှင့် KG ထပ်ဆင့် မွမ်းမံ သင်တန်းကို မေ ၂၃ ရက်မှ ဇွန် ၃ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး သင်တန်းသို့ ဆရာ၊ ဆရာမ စုစုပေါင်း ၉၃ ဦးတက်ရောက်အောင်မြင်ခဲ့သည်ဟု မြို့နယ် စာ/ယဉ် အတွင်းရေးမှူး မန်းသြဘာသောင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပထမတန်း ပိုးနှင့် စကော ကရင်စာ သင်ရိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုတို့မှ ကရင်စာပေ ပညာရှင်များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ကရင်စာသင်ရိုး ရေးဆွဲရေးကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယခုပညာသင်နှစ်တွင် စတင်သင်ကြားသွားရန် ဆရာဖြစ်သင်တန်း၊ ထပ်ဆင့် မွမ်းမံ သင်တန်းများကို ဆိုင်ရာ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီများက ဒေသအသီးသီးတွင် ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

Most read this week

February 16, 2026
ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့်...
February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...
Photo: BGF/ PC (ပုံဟောင်း)
February 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊...
February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...