စက်တပ်ဟွန်ဒါလှေ ပစ်ခတ်ခံရ၍ မောင်းသူဒဏ်ရာရ

စက်တပ်ဟွန်ဒါလှေ ပစ်ခတ်ခံရ၍ မောင်းသူဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်မှ လူ ၄ ဦးလိုက်ပါလာသော စက်တပ်ဟွန်ဒါလှေငယ် တစ်စီးအား စစ်တပ်က ပစ်ခတ်သဖြင့် အသက် ၂၇ နှစ် အရွယ် စက်လှေမောင်းသူတစ်ဦး ဒဏ်ရာရသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသည့် လူငယ်မှာ ကုလားမတောင်ကျေးရွာမှ မောင်ဝင်းဌေး (၂၇) နှစ် (ဘ) ဦးသခါၤကျော် ဖြစ်ကြောင်း သိရသည်။

“ ဖြစ်တာက မနေ့က နေ့လယ် ၁ နာရီ ၄၀ မိနစ်လောက်မှာ ဖြစ်ပါတယ်။ အဲဒီဟွန်ဒါစက်လှေငယ်ပေါ်မှာ အမျိုးသမီးငယ် ၂ ဦး၊ အမျိုးသား ၁ ဦး၊ စက်လှေမောင်းသူနဲ့ပါဆိုရင် ၄ ဦး ပါပါတယ်။ မင်းပြားမြို့က ဈေးဝယ်ပြီး အပြန် ခါတိုင်းလိုထင်ပြီး အေအေးဆေးဆေးမောင်းလာပါတယ်။ ရာမောင်းတံတားအနီးမှာရှိတဲ့ အမ်းသားဂိတ်ကနေ သူတို့ကို တားတယ်လို့ ပြောပါတယ်။ စက်လှေသံနဲ့ဆို မကြားတော့ စစ်တပ်က သေနတ်နဲ့ ပစ်တယ်လို့ ပြောပါတယ်” ဟု မင်းပြားမြို့သို့ ဆေးကုခံယူရန် မောင်ဝင်းဌေးနှင့် အတူ လိုက်ပါလာသည့် ယောက်ဖ တော်စပ်သူ ဦးမောင်ဝင်းလိူင်က ပြောသည်။

သေနတ်ပစ်ပြီးနောက် မောင်ဝင်းဌေးတွင် ခြေထောက်တွင်ဒဏ်ရာ ရရှိသွားပြီး ခန္ဓာကိုယ်တွင်လည်း ကျည်စများ ထိမှန်ခဲ့သည်ဟု သိရသည်။

“ သေနတ်ပစ်တော့ သူတို့က ကမ်းကို စက်လှေကို ကပ်ပါတယ်။ စစ်သားတွေ ပြောတာက မင်းတို့ခေါ်လို့ ကမ်းကို မကပ်တာနဲ့ မိုးပေါ်ကို ထောင်ပစ်တဲ့ အချိန်မှာ ထိသွားတာလို့ ပြောပါတယ်။ တမင်ပစ်တာ မဟုတ်ဘူးလို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ ပီးရင် ရွာကို ပြန်သွားဆိုပြီး လွတ်လိုက်ပါတယ်” ဟု ဦးမောင်ဝင်းလိူင်က ဆက်ပြောသည်။

ဒဏ်ရာရရှိသွားသူ မောင်ဝင်းဌေးအခြေအနေမှာ စိုးရိမ်စရာမရှိသော်လည်း ဆေးကုသရန် လိုအပ်သဖြင့် အခင်းဖြစ်ပွားပြီး ညနေ ၅ နာရီခန့်တွင် မင်းပြားမြို့သို့ ယူဆောင်လာပြီး ည ၇ နာရီကျော်တွင် မင်းပြားမြို့ ဆေးရုံတွင် ပြင်ပလူနာအနေဖြင့် ကုသမှု ခံယူခဲ့ရသည်ဟု ဆိုသည်။

ကုလားမတောင် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ သူက “ ရွာက မောင်ဝင်းဌေး ဒဏ်ရာရပါတယ်။ စစ်တပ်က လှေကို ကမ်းကပ်ဖို့ခေါ်တာ မကြားလို့ သေနတ်နဲ့ ပစ်တာဖြစ်ပါတယ်။ အခု ဒီဖြစ်စဉ်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲစခန်းတို့ကို ထူးခြားဖြစ်စဉ် အနေနဲ့ တင်ပြထားပါတယ်” ဟု ပြောကြားသည်။

အစိုးရစစ်တပ် အနေဖြင့် စစ်ဆေးမည်ဆိုလျှင်လည်း တရားဝင် ဂိတ်ဖွင့်ပြီးစစ်ဆေးသင့်ကြောင်း၊ ဒေသခံ ပြည်သူများသိအောင် ၎င်းနေရာတွင် အစစ်ဆေးခံရမည်ဟု ကြေညာပြီး စစ်ဆေးသင့်ကြောင်း၊ ယခုကဲ့သို့ စက်လှေမောင်းနေစဉ် စစ်ဆေးရန် ကမ်းမှာခေါ်ခြင်းမှာ မသင့်တော်ကြောင်း၊ စက်လှေမောင်းနေစဉ် ဆူညံနေသဖြင့် စက်လှေမောင်းသူ အနေဖြင့် ကမ်းက ခေါ်သည်ကို ကြားရန် မလွယ်ကူနိုင်ကြောင်း၊ ယခု လုပ်ရပ်ကြောင့် ခရီးသွားပြည်သူများ အကြား အထူး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောကြားသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...