ရခိုင်ပြည်နယ် အစိုးရမှ ရခိုင်ပြည်နယ် အလံထောင်သည့် နေအိမ်များကို စာရင်းကောက်ခံရန်နှင့် ခံဝန်ကတိထိုးခိုင်းရန် ညွှန်ကြားပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကျေးရွာအများအပြားတွင် ရခိုင်ပြည်နယ် အလံများကို ပိုမိုထောင်လာကြသည်ဟု သတင်းရရှိသည်။
တစ်ချို့ကျေးရွာများတွင် ရခိုင်ပြည်နယ်အလံများအား ကိုင်ဆောင်ပြီး ရွာကိုလှည့်လည်ကာ သွားလာ လူပ်ရှားမူများရှိနေကြောင်းလည်း ဒေသခံများက ပြောကြားသည်။
ထိုသို့ ရခိုင်ပြည်နယ် အလံများကို အိမ်ရှေ့စိုက်ထူ လွှင့်တင်ရာတွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်လည်း ပါဝင်ရာ မတ်လ ၂၃ ရက်နေ့ နံနက်က ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ၎င်းရပ်ကွက်ထဲသို့ သွားရောက်ပြီး အလံများကို မထူကြရန် တားမြစ်ခဲ့ကြောင်း သတင်း ရရှိသည်။
“ ဟုတ်ပါတယ်။ အထက်က စာဝင်လာလို့ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်ပြီး မနေ့က မနက်ပိုင်းမှာ လာရောက် တားမြစ်ခဲ့ပါတယ်။ မနက်မိုးလင်းရင်လည်း ထပ်ပြီး တားမြစ်အုံးမယ်လို့ပြောပါတယ်။ အကယ်၍ မဖြုတ်ပေးရင် ၁၂၁ နဲ့ တရားစွဲမယ်လို့ ရာအိမ်မှူးက ကျနော့်ကိုပြောသွားပါတယ်”ဟု မင်းဂံ ရပ်မိ ရပ်ဖတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မင်းဂံရပ်ကွက် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူး ဦးကျော်သာက “ ဟုတ်ပါတယ်။ ကျနော်တို့ ဖြုတ်ချ ခိုင်းတာတော့ မဟုတ်ပါ။ ကျနော်တို့မှာ ပြည်နယ်ကနေပြီးတော့ စာဝင်လို့ရှိပါတယ်။ အဲသလို စာဝင်လို့ ရှိတယ်ဆိုတယ်ဆိုတာကို သဘောတရားနဲ့ သွားပြီးပြောပြပါ။ တကယ်လို့ မဖြုတ်ပေးရင် ၁၂၁ ပုဒ်မနဲ့ ငြိနိုင်တယ်။ ပြည်နယ် အစိုးရက စာတွေ ထွက်လာတာရှိတယ်။ အဲ့ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်ကြပါ။ မဟုတ်လို့ရှိခဲ့ရင် အမှုတွေနဲ့ ပတ်သက်လာနိုင်တယ်ဆိုပြီး ကျနော်တို့ ရဲတွေနဲ့သွားပြီးပြောပါတယ်။ သူတို့ကတော့ အမှုနဲ့ပတ်သက်မယ်ဆိုရင် ပြန်ဖြုတ်ချဖို့တော့ ပြောပါတယ်”ဟု ပြောသည်။
ဆက်လက်ပြီး အလံ ဖြုတ်ချခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး မင်းဂံရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ရဲအုပ်ကျော်မိုးက “ ကျနော်ရဲ့ အထက်လူကြီးအား မေးပါ” ဟုပြန်လည်ဖြေကြားကာ ဖုန်းချသွားခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ (၁၄-၃-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်အရ ထောင်ထားသည့် ရခိုင်ပြည်နယ် အလံများအား ဖြုတ်ချရေးနှင့် မဖြုတ်ချပါက ဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်းကြောင်း ဥပဒေအားရှင်းပြရန်နှင့် ခံဝန်ကတိ ရေးထိုးရန်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် နယ်လုံ ဝန်ကြီးမှ မတ်လ ၁၆ ရက်နေ့က ညွှန်ကြားထားသည်။
ကျေးရွာများရှိ နေအိမ်များတွင် ရခိုင်ပြည်နယ် အလံလွှင့်ထူသော ဖြစ်စဉ်သည် ရာဇသတ်ကြီး အခန်း (၆) ၊ ပုဒ်မ ၁၂၁ ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို ဆန့်ကျင် ကျူးလွန်သော ပြစ်မှုအား ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အား ဆန့်ကျင်သည့် အဖွဲ့အစည်း၏ နိုင်ငံတော်အား ဖြိုဖျက်ရန် အခြားနည်းလမ်း တစ်ခုခုဖြင့် ပြင်ဆင်ဆောင်ရွက်မှုတွင် လှုံ့ဆော်မှု တစ်ရပ်အနေဖြင့် သိရှိဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း တွေ့ရှိရသဖြင့် ဖောက်ဖျက်ကျူးလွန်သူများအား အုပ်ချုပ်ရေး အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း စာထဲတွင် ပါရှိသည်။







