အိမ်တိုင်းစေ့ပစ္စည်းများ ဖောက်ထွင်းယူငင်ခံခဲ့ရသည့် ဗုဒ္ဓေါကျေးရွာကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကွင်းဆင်းစစ်ဆေး

အိမ်တိုင်းစေ့ပစ္စည်းများ ဖောက်ထွင်းယူငင်ခံခဲ့ရသည့် ဗုဒ္ဓေါကျေးရွာကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်တို့သည် ဗုဒ္ဓေါကျေးရွာသို့ ယမန်နေ့က သွားရောက်ပြီး ရွာသားများပိုင် ပစ္စည်းများကို စစ်သားတစ်ချို့မှ ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး စစ်ဆေးရန် ယမန်နေ့က ၎င်းရွာသို့ သွားရောက်ခဲ့သည်ဟု သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က “ ကျွန်တော်နဲ့ ဆရာဦးခင်မောင်လတ်တို့ မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ မြန်မာနိုင်ငံ တည်ဆဲ ဥပဒေအရဘဲ သက်ဆိုင်ရာက လုပ်စေချင်ပါတယ်။ ဥပဒေမဲ့ သက်သက် ပြည်သူတွေကို ရက်ရက်စက်စက် ဓားပြတိုက်သလို ပစ္စည်းတွေကို ချယူ၊ မလိုအပ်တဲ့ ပစ္စည်းတွေကို ဖျက်ဆီး လုပ်တာဟာ တော်တော် ဥပဒေနဲ့ ဆန့်ကျင်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

ဗုဒ္ဓေါကျေးရွာ၏ အခြေအနေမှာတော်တော်ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီး တစ်ရွာလုံး ပစ္စည်းတစ်ခုမှ မကျန်လိုက်သလို ဖြစ်သွားခဲ့သည်ဟု သူက ပြောဆိုသည်။

“ ဒီပြသနာကို လွှတ်တော်မှ မေးခွန်းဖြစ်ဖြစ်၊ သို့မဟုတ် ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေကိုလည်း တင်ပြဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နဲ့ စီစဉ်ထားပါတယ်။ သမ္မတ အပါအဝင် အစိုးရအဖွဲ့ကိုလည်း တင်ပြသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ ညဉ့်အချိန်တွင် စစ်ကား ၈ စီးဖြင့် စစ်သားများရွာထဲကို ဝင်လာပြီး တစ်ရွာလုံးရှိ နေအိမ်များကို မွေနှောက်ပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်သို့ ဆက်သွယ်ရာ သူက “ အခုက ခင်ဗျားတို့သိတဲ့ အတိုင်းဘဲ ဖွနေကြတဲ့ သတင်းတွေများနေကြတယ်။ ကျွန်တော်တို့က ဘယ်ဟာ အမှန်၊ ဘယ်ဟာအမှားဆိုတာ ပြောရ အင်မတန်ခက်တယ်။ ခင်ဗျားတို့ သိတဲ့ အတိုင်းဘဲ။ ရွာတွေမှာလည်း အလိုတူ အလိုပါတွေများတယ်။ အထောက်အထားတိကျ လို့ရှိရင် တင်ပါ။ မမှန်ကန်ရင်တော့ မမှန်ကန်တဲ့လူက ခံရမှာဘဲ။ မှန်တယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဆင့် စာရင်း အတိအကျနဲ့ တင်ပါ။ ဟုတ်/ မဟုတ် ကျွန်တော်တို့ စိစစ်ဆောင်ရွက်ပေးမယ်။” ဟု ဗုဒ္ဓေါကျေးရွာရှိ ရွာသားများ၏ နေအိမ်များမှ ပစ္စည်းများ ယူဆောင်ခံရခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁၆ ရက်နေ့က နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ ညဉ့်အချိန်တွင် ရွာသားရှိ နေအိမ်များကို ဖြိုဖျက်ပြီး အိမ်ထဲရှိ ပစ္စည်းများကို စစ်သားများက ယူဆောင်သွားခဲ့ကြောင်း ရွာခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဗုဒ္ဓေါကျေးရွာသား ဦးကျော်ဇောအောင်က “ ကျွန်တော်က ဘုန်းကြီးဆွမ်းစားပြီးလို့ နေ့လယ်ပိုင်း အိမ်မှာနေတုန်း စစ်တပ်က ဖမ်းပါတယ်။ မလွတ်ပါဘူး။ ချည်ပစ်ထားခဲ့ပါတယ်။ အိမ်အောက်မှာ တိုင်မှာ တစ်ညလုံး ချည်ထားခဲ့ပါတယ်။ စစ်တပ်က ထွက်သွားပြီး မနက်လင်းမှ ရွာသားတွေလာလို့ ကြိုးချည်ထားတာကို ဖြုတ်ပစ်မှ လွတ်တာပါ။ ရိုက်ပုတ် နှိပ်စက်တာတော့ မရှိပါ။ ရွာထဲက အိုးတွေ၊ ခွက်တွေ၊ ဝက် ကြက်တွေ အကုန်လုံးယူသွားပါတယ်။ ဘယ်က တပ်လဲ မသိဘူး။ ကားနဲ့ လာပြီး ယူသွားပါတယ်။ ရွာက လူတွေက အကုန်လုံး ကြောက်ပြီး ယိုးတရုပ်ရွာက ဘုန်းတော်ကြီး ကျောင်းမှာ ခိုလုံနေကြချိန်မှာ ညဉ့်အချိန်ရွာထဲကို ဝင်ပြီး ယူသွားကြတာပါ” ဟု ပြောကြသည်။

ယိုးတရုပ်ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေရသူ ဒေါ်အောင်ချေ (၆၉)နှစ်က “ အိမ်မှာ အားလုံးပါသွားပြီ။ ဆိုလာပြား၊ ဗီဒီယိုကအစ အိုးခွက် ပုဂံ အဝတ်အစားတွေက အားလုံးကို ယူသွားပါတယ်။ ဘာကြောင့် ယူသွားတယ်ဆိုတာ မသိပါ။ စစ်တပ်က ယူသွားပါတယ်။ မနက်လင်းတော့ ရွာကို သွားပြီး အိမ်ကို ကြည့်တော့ ဘာမှ မရှိတော့ဘူး။ ဘယ်အချိန်မှာ ဝင်တယ်ဆိုတာ မသိပါဘူး။ မနက် မိုးလင်းလို့ သွားမှ ကြက်လည်း မရှိတော့ဘူး။ ဝက်လည်း မရှိတော့ဘူး။ တစ်အိမ်မှ မကျန် အကုန်လုံး ယူသွားပါတယ်။ အလွန်ဆိုးတဲ့ အဖြစ်အပျက်ပါ” ဟု လက်ရှိ ပြောသည်။

၎င်းရွာတွင် ဆိုင်ရောင်းသူ မဦးခင်လှ (၂၉) နှစ် က “ ကျမတို့ ရွာက အိမ်တွေ ရှိတဲ့ ပစ္စည်းတွေ အကုန်လုံး ချယူသွားတယ်။ ပီးရင် ဝက်တွေကိုလည်း ခုတ်သတ် စားသွားတယ်။ တစ်ခုမှ မကျန်ဘူး။ စက်ခြုပ်စားတဲ့ အိမ်က စက်ခြုပ်စက်တွကို ယူသွားတာဘဲ။ ဟိုဥစ္စာလေ။ စာသင်ကျောင်းကလည်း ဗီဒီယိုစက်တွေ အကုန်လုံး ယူသွားတယ်လို့ ကျောင်းဆရာက ပြောပါတယ်။ ရွာထဲမှာ အိမ်တစ်အိမ်မှ မကျန်ဘူး။ အကုန်လုံး မွေပြီး ယူသွားတယ်။ ကျွန်မတို့က ဆိုင်ရောင်းတယ်လေ။ ဆိုင်က ပစ္စည်းတွေကို ယူသွားတယ်။ ဆိုင်တွေ တစ်ဆိုင်မှ မကျန်ဘူး။ တစ်ရွာလုံးက အကုန်ယူတာပါဘဲ။ အဝတ်အစားတွေ အကောင်းတွေ အကုန်လုံးကို ယူသွားပါတယ်။ ယူသွားတာက စစ်သားတွေလို့ ပြောပါတယ်။ သမီးတော့ သတင်းကြားလို့ မနက်လင်းလို့ ရွာကို သွားကြည့်တော့ ဘာမှ မရှိတော့ဘူး။ ကားတွေ ဝင်တယ်။ ကား ၈ စီးပါတယ်လို့ ပြောပါတယ်။ အနီးအနားက တပ်ရင်းတွေကလို့ မြင်တဲ့လူတွေက ပြောပါတယ်။ သမီးတွေရွာက သုံးယောက်ဖမ်းတယ်။ ကွမ်းအုံစုကလည်း ဖမ်းတယ်။ ကျွန်မတို့ကလည်း လေယာဉ်နဲ့ ဗုံးကြဲတော့ ကြောက်ပြီး ယိုးတရုပ်ရွာ ခိုလုံနေကြတာပါ။ ခုလို ခိုလုံနေတဲ့ အချိန်မှာ ခုလို အိမ်တွေက ပစ္စည်းတွေကို ချယူသွားတာပါ” ဟု ပြောသည်။

ဗုဒ္ဓေါကျေးရွာအုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ ၎င်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ပြီး ရွာထဲမှ ဝက်ကြက်၊ ဆိုလာ၊ အင်္ကျီ ခြုပ်စက်များက အစ ရှိသမျှ ပစ္စည်းများကို ကားများဖြင့် သယ်ယူသွားခဲ့သည်ဟု ပြောဆိုသည်။

ယခုဖြစ်ရပ်ဖြစ်ပွားသော ဗုဒ္ဓေါကျေးရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ကျေးရွာ အနီးအနားတွင် တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာသားများ ယိုးတရုပ်ကျေးရွာတွင် ခိုလုံနေကြစဉ် ၎င်းအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...