ပလက်ဝ သဲမဝကျေးရွာအနီးတိုက်ပွဲဖြစ်၊ ဇက်သင်္ဘောတစ်စီးမီးလောင်

ပလက်ဝ သဲမဝကျေးရွာအနီးတိုက်ပွဲဖြစ်၊ ဇက်သင်္ဘောတစ်စီးမီးလောင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သဲမဝ ကျေးရွာအနီးတွင် ယနေ့ နံနက် ၇နာရီခန့်မှ စတင်ပြီး မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သဲမဝကျေးရွာအနီး ကုလားတန်မြစ်အတွင်း အမ်ဗွီရတနာ အမည်ရှိ ဇက်သင်္ဘောတစ်စီးလည်း မီးလောင်နေသည်ဟု မျက်မြင် ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့နယ် နှမဒါကျေးရွာမှ ဒေသခံတစ်ဦးက “မနက်က ကျနော့် သူငယ်ချင်းအသိတွေက နှမဒါကနေ ကျောက်တော်ကို ဟွန်ဒါစက်တပ်လှေလေးနဲ့ ငှက်ပျောသီးတွေ တင်ပြီး ကျောက်တော် သွားတာပါ။ သူတို့သွားလို့ သဲမဝ ကျေးရွာနားရောက်တော့ သေနတ်သံတွေကြားနေရတယ်။ ပြီးတော့ ဇက်သင်္ဘော တစ်စီးလည်း မီးလောင်နေတာတွေ့ရပါတယ်။ ဒါကြောင့် မသွားဖြစ်ဘဲ ပြန်လှည့်လာခဲ့ရပါတယ်” ဟု နှမဒါကျေးရွာ ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုဖြစ်ပွားနေသော နေရာမှာ ကျောက်တော်နှင့် ပလက်ဝအကြား သဲမ၀ ကျေးရွာအနီးတွင် ဖြစ်ပြီး မီး၀ အနီးတွင်ဟု ဒေသခံ တစ်ဦးက ပြောသည်။ ၎င်းအမ်ဗွီ ရတနာမှာ ကျောက်တော်ဘက်မှ ပလက်ဝသို့ ခုတ်မောင်းလာသော ဇက်သင်္ဘောဟု သိရသည်။

ပလက်ဝသို့ ပြေးဆွဲနေသည့်လိုင်းဘုတ်ပေါ်တွင်ပါလာသည့် နှမဒါဈေးတွင် ဈေးရောင်းရန်သွားသည့် ဈေးသည်တစ်ဦးက “ကျမတို့က လိုင်းဘုတ်နဲ့ ကျောက်တော်က မနက် ၈ နာရီကျော်ကထွက်လာပါတယ်။ ထွက်လာတဲ့ အချိန်မှာ ဇက်တစ်စီး တွေ့တယ်။ သင်္ဘောလိုလိုပါ။ အဲဒီ မီးလောင်နေတာကို မြင်ခဲ့ရပါတယ်။ ဇက်ပေါ်မှာ ရေးထားတာက အမ်ဗွီ ရတနာဆိုပြီးနာမည်ရေးထားပါတယ်” ဟုဈေးသည်က ဆိုသည်။

အဆိုပါဇက်သင်္ဘောမှာ ယခုအချိန်ထိ မီးများဆက်လက်လောင်နေသည်ဟု ကျောက်တော်ဒေသခံ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...