စစ်တပ်ကခေါ်ယူခံရသည့် ငှက်ဖျားဖြစ်သည့် လူငယ် သေဆုံး

စစ်တပ်ကခေါ်ယူခံရသည့် ငှက်ဖျားဖြစ်သည့် လူငယ် သေဆုံး
သေဆုံးသွားသူ လှမောင်ဝင်းကို မသဂြိုလ်မီ တွေ့ရစဉ်/ဓာတ်ပုံ- မြို့ဦးဂေါင်းဆရာတော်
သေဆုံးသွားသူ လှမောင်ဝင်းကို မသဂြိုလ်မီ တွေ့ရစဉ်/ဓာတ်ပုံ- မြို့ဦးဂေါင်းဆရာတော်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ သပေါ့စာတဲစုမှ ငှက်ဖျားဖြစ်နေ၍ မြောက်ဦးဆေးရုံသို့ ယူဆောင်လာစဉ် စစ်တပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် လူနာ လှမောင်ဝင်း (၂၃)မှာ သေဆုံးသွားပြီဟု သတင်းရရှိသည်။

“ သူ့အလောင်းကို ဒီနေ့ မနက်က စစ်တပ်က မြောက်ဦးဆေးရုံကို လွဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီမှာတော့ မြောက်ဦးဆေးရုံက စစ်ဆေးမှုတွေ ပြုလုပ်အပြီး အလောင်းကို ယူဆောင်ခွင့် ပြုခဲ့တယ်။ အခု မြောက်ဦး သချိုၤင်းမှာ သဂြိၤုလ်ဖို့ ပြုလုပ်နေပါတယ်။ ဂူသွင်းဖို့ အုတ်ဂူ ပြုလုပ်နေပါတယ်” ဟု အသုဘသို့ ရောက်ရှိနေသည့် မြောက်ဦး မြို့ဦးဂေါင်းဆရာတော်က နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

သေဆုံးသွားသူ လှမောင်ဝင်း (၂၃) နှစ်(ဘ) ဦးကျော်လှသိန်းသည် ငှက်ဖျားရောဂါ ခံစားနေရသဖြင့် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှာ ရွာသား ၆ ဦးက ကားတစ်စီးဖြင့် မြောက်ဦးဆေးရုံသို့ လိုက်ပို့စဉ် မတ် ၁၂ ရက်နေ့ ညဉ့် ၁၀ နာရီကျော် အချိန်တွင် စစ်ကြောင်း တစ်ခုမှ တားဆီးပြီး လှမောင်ဝင်း အပါအဝင် လိုက်ပို့သူများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

“ ကျွန်တော်သားကို ငှက်ဖျားမိပြီး မြောက်ဦးဆေးရုံကို ဆေးကုဖို့ ယူလာစဉ် ညဉ့် ၁၀နာရီလောက်မှာ ဆင်အိုကြီးနဲ့ မြောက်ဦးအကြား ချောင်းသစ်ရွာအနီးမှာ ခမ၇ ၅၄၀ က ဖမ်းသွားတယ်လို့ သိရပါတယ်။ ဒီနေ့ စောစောက သတင်းရတာက ကျွန်တော်သားအလောင်း ဆေးရုံကို ရောက်နေပြီလို့ သတင်း ရပါတယ်။ ဒါကြောင့် လိုက်လာတာ အခုတော့ အလောင်းကိုဘဲ တွေ့ရပါတယ်။ ကျွန်တော်သားမှာ ဘာမှ အပြစ်မရှိပါ” ဟု ဖခင် ဖြစ်သူ ဦးကျော်လှသိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

လှမောင်ဝင်းမှာ မည်သည့် အဖွဲ့အစည်းနှင့် ဆက်စပ်မှု ရှိသူ မဟုတ်ကြောင်း၊ မိသားစု ဆင်းရဲနွမ်းပါး၍ လယ်တဲတက်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူ တစ်ဦးသာဖြစ်ကြောင်း၊ အလုပ် လုပ်ကိုင်သည့် နေရာမှာတောထဲ တောင်ထဲဖြစ်သဖြင့် ငှက်ဖျားမကြာခဏ ဖြစ်ပြီး နောက်ဆုံး သတိမေ့သဖြင့် မြောက်ဦးဆေးရုံသို့ယူဆောင်စဉ် ယခုလို အဖြစ်မျိုးကြုံရခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောကြားသည်။

လှမောင်ဝင်းတို့ မိသားစုမှာ သပေါ့စာတဲစုတွင် သီးနှံများ၊ ဥယျာဉ်များ စိုက်ပျိုး၍ အသက်မွေး ဝမ်းကျောင်း ပြုကြသူများဖြစ်ကြသည်ဟု သိရသည်။

လှမောင်ဝင်းအား မြောက်ဦးဆေးရုံသို့ လိုက်ပို့သူ မြောက်ဦမြို့နယ် ကျောင်းတောင်ရွာမှ ရွာသား ၆ ဦးနှင့် ကားသမား ၃ ဦးကို ယခုအခါ စစ်တပ်မှ မြောက်ဦးမြို့မ ရဲစခန်းသို့ လွဲပြောင်းလိုက်ပြီဟု မြို့ဦးဂေါင်းဆရာတော်မှ မိန့်ကြားသည်။

“ သူတို့ကို စစ်တပ်ကနေ မြောက်ဦးမြို့မရဲစခန်းကို လွဲပြောင်းလိုက်ပါပြီ။ ဒါပေမယ့် မိသားစုဝင်တွေ တွေ့ခွင့် မရသေးဘူး။ ဆရာတော်လည်း မနက်က ရဲစခန်းသွားတာ တွေ့ခွင့်မရခဲ့ပါဘူး” ဟု မြို့ဦးဂေါင်းဆရာတော်က မိန့်ကြားသည်။

မြို့မရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသူများမှာ ဦးမောင်ထွန်း (၄၂) နှစ်(ဘ) ဦးထွန်းအောင်ခိုင်၊ ဦးစိုးစိုးနိုင်(၃၃) နှစ် (ဘ) ဦးမောင်စောထွန်း၊ ကိုဇော်မင်းထွန်း (၂၀) နှစ် (ဘ) ဦးကျော်ဝင်းတင်၊ ကိုစည်သူအောင်(၁၉) နှစ် (ဘ) ဦးမောင်သောင်းအေး၊ ကိုဇောနိုင်ဌေး (၂၈) နှစ်(ဘ) ဦးမောင်ကျော်သာ၊ ကိုထွန်းစိုးလင်း (၂၉) နှစ် (ဘ) ဦးညံ့သာအောင်နှင့် ကားသမား ၃ ဦးတို့ ဖြစ်ကြသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...