ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အစိုးရထိန်းချုပ်သည့်နေရာတွင် ဘိန်းစိုက်ခင်း စုစုပေါင်း ဧက ၁ သောင်း ကျော် စာရင်းကောက်ယူထားကြောင်း ဝိုင်းမော်မြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan (ပတ်ဂျဆန်)က ဆိုသည်။
အထူးသဖြင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ ထိန်းချုပ်သည့်နယ်မြေ ကျေးရွာပေါင်း (၂၈)ရွာသို့ သွားရောက်ပြီး ၂၀၁၈ နိုဝင်ဘာလက နောက်ဆုံး ကောက်ယူရရှိထားသော စာရင်းအရ ဘိန်းစိုက်ပျိုးမှု စုစုပေါင်း ဧက ၁၂၅၅၀ ရှိသည်ကို တွေ့သည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ UNODC ၏ ၂၀၁၉ ဇန်နဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်သော မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်းအစီရင်ခံစာတွင် ၂၀၁၈ ခုနှစ် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ၁၃% ထိလျှော့ကျခဲ့ကြောင်းဖော်ပြပြီး ဘိန်းဆက်လက် စိုက်ပျိုးနေမှုများနှင့် လက်နက်ကိုင် ပဋိပက္ခကိုချိန်ဆက်ကာ "ကချင်ပြည်နယ် အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏအမြင့်ဆုံး နေရာများမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသ သို့မဟုတ် စိုးမိုးမှုရှိသောဒေသများတွင်ဖြစ်သည်" ဟု ဖော်ပြထားသည်။
Poppy-field-in-Waingmaw-township.jpg
သို့သော်လည်း ဝိုင်းမော်မြို့နယ် နုယ်ခြားစောင့်တပ် ထိန်းချုပ်သည့်နေရာတွင် ဘိန်းစိုက်ပျိုးမှု ပမာဏ ၂၀၁၇ ထက် ၂၀၁၈ မှာ ပိုများလာကြောင်း ဝိုင်းမော်မြို့နယ် PJS အဖွဲ့ ပြောပါသည်။
ထို့အပြင် ၂၀၁၄ ခုနှစ်ကတည်းက ကချင်ပြည်နယ်တဝန်း ကချင်ခရစ်ယာန်အသင်းတော်များ ဦးဆောင်သော PJS အဖွဲ့များ၏ လေ့လာတွေ့ရှိချက်များအရ ဘိန်းစိုက်ပျိုးမှု အများဆုံးနေရာများသည် အစိုးရထိန်းချုပ်နယ်မြေများ (နယ်ခြားစောင့်တပ် နှင့် ပြည်သူ့စစ် နယ်မြေများ) နှင့် မြန်မာစစ်တပ် ရှေ့တန်းစခန်းများ တည်ရှိသောနေရာတိုင်း လိုလိုမှာနေဖြစ်ကြောင်း ဆိုပါသည်။
ထိုသို့ဖြစ်ရခြင်းသည် ၎င်းနေရာများသို့ PJS အဖွဲ့များ နှင့် KIA တို့က လုံခြုံရေးကြောင့် ဘိန်းခင်း ဖျက်ဆီးရေးလုပ်ဆောင်ရန် ခက်ခဲသောကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ကလည်း ဝိုင်းမော်မြို့နယ် နယ်ခြားစောင့်တပ် ထိန်းချုပ်နေရာရှိ ဘိန်းခင်းများ ဖျက်ဆီးရန် တက်လာသော PJS အဖွဲ့များကို အစိုးရတပ်၊ နယ်ခြားစောင့်တပ် နှင့် ပြည်သူ့စစ် တို့က လက်နက်ဖြင့်ပစ်ခတ် ဟန့်တားမှု ပြုလုပ်ခဲ့သည်။







