မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူးများ တစ်ဦးချင်းနုတ်ထွက်စာတင်ရန်အစီအစဉ်မရှိဟု ရှင်းလင်း ပြောကြား

မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူးများ တစ်ဦးချင်းနုတ်ထွက်စာတင်ရန်အစီအစဉ်မရှိဟု ရှင်းလင်း ပြောကြား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် တစ်ဦးချင်းအနေဖြင့် နုတ်ထွက်စာ တင်ရန် အစီအစဉ်မရှိတော့ကြောင်း နုတ်ထွက်လိုက်သည့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

တာဝန်မှနုတ်ထွက်စာတင်လိုက်သည့် မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၆ ဦးသည် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေရှိ သတင်းထောက်များနှင့် တွေ့ဆုံပြီးနောက် နိရဉ္စရာက သီးသန့်သွားရောက်မေးမြန်းစဉ် အထက်ပါအတိုင်းပြောဆိုခဲ့ကြခြင်းဖြစ်သည်။

"တစ်စုတစ်လုံးတည်းထွက်ရမယ်၊ တစ်ဦးချင်းထွက်ရမယ်ဆိုတာတော့ ဥပဒေမှာပြဋ္ဌာန်းလို့မရှိဘူး။ သို့သော် အုပ်ချုပ်ရေးမှူးတစ်ယောက်သည် ကျနော်တို့မှာ မိမိဆန္ဒအလျောက် နုတ်ထွက်နိုင်တယ်ဆိုတာကတော့ ဥပဒေမှာ ပြဋ္ဌာန်းလို့ရှိတဲ့အတွက် ကျနော်တို့ကတော့ အခုလို တစ်စုတစ်လုံးတည်းနုတ်ထွက်တာသည် တရားဝင်သည် ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဥပဒေမှာ ပြဋ္ဌာန်းလို့မရှိတဲ့အတွက် ကျနော်တို့ကတော့ အခုလို ရှေ့ဆက်ပြီးတော့ တစ်ဦးချင်းနုတ်ထွက်ဖို့ ဆန္ဒမရှိဘူး"ဟု မြောက်ဦးမြို့နယ် ကင်းချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်တင်လှက နိရဉ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၉ဝ ဦးသည် ယင်းတို့၏လုံခြုံရေးစိုးရိမ်ရ၍ဟုဆိုကာ မတ်လ ၁ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ကြသလို နုတ်ထွက်ရန်ကျန်ရှိသည့် အုပ်ချုပ်ရေးမှူး ၁၁ ဦးသည်လည်း မတ်လ ၄ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စုပေါင်း၍ နုတ်ထွက်စာတင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ အများစုပေါင်း၍ နုတ်ထွက်စာတင်လိုက်ကြခြင်းမှာ တရားမဝင်၍ နုတ်ထွက်ခွင့်မပြုနိုင်ဟု ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က သတင်းမီဒီယာများသို့ပြောဆိုထားသည်။

ယခုကဲ့သို့နုတ်ထွက်စာတင်လိုက်ခြင်းနှင့်ပတ်သက်ပြီး မြို့နယ်၊ ပြည်နယ်နှင့် ခရိုင်ထွေ/အုပ်မှ တစ်စုံတရာဆက်သွယ်လာခြင်းမျိုးလည်း မရှိသေးဟု နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။

"လတ်တလောအခြေအနေအရ ပေါ်ပေါက်လာတဲ့ကိစ္စတစ်ခုကြောင့် အထိတ်တလန့်ဖြစ်လို့ နုတ်ထွက်ရတာဖြစ်ပါတယ်။ ဥပမာ အုပ်ချုပ်ရေးယန္တရားကို ပျက်စီးစေလိုခြင်း၊ အဲလိုမျိုးမဟုတ်ဘူး။"ဟု မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှတင်က နိရဉ္စရာသို့ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝ၃ ဦးမှာ တာဝန်မှ နုတ်ထွက်ထားပြီဖြစ်ပြီး ဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူးများသာ နုတ်ထွက်ရန်ကျန်တော့သည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...