လေးမြို့ချောင်း ဘုရားကြီးနှင့် မော်ရွာဟောင်းတွင် တိုက်ပွဲဖြစ်ပွား၍ ကျေးရွာသား နှစ်ထောင်နီးပါး အိုးအိမ်များကို စွန့်ခွာထွက်ပြေး

လေးမြို့ချောင်း ဘုရားကြီးနှင့် မော်ရွာဟောင်းတွင် တိုက်ပွဲဖြစ်ပွား၍ ကျေးရွာသား နှစ်ထောင်နီးပါး အိုးအိမ်များကို စွန့်ခွာထွက်ပြေး

မတ်လ ၄ ရက် ညနေ ၇ နာရီကျော်က မြောက်ဦးမြို့နယ် ဘုရားကြီးနှင့် မော်ရွာဟောင်းအကြားတွင် မြန်မာ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာသား ၂၀၀၀ ခန့်သည် နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးသွားခဲ့ကြရသည်။

ထွက်ပြေးသွားသူများသည် မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာသို့ ရောက်ရှိနေကြပြီး ၎င်းတို့အထဲတွင် ဘုရားကြီးရွာမှ ၈၀၀၊ မော်ရွာဟောင်းမှ ၄၀၀ ကျော်နှင့် မော်ရွာသစ်မှ ၈၀၀ ခန့် ဖြစ်ကြောင်း ထွက်ပြေးလာသူ ဒေသခံ တစ်ဦးက ပြောကြားသည်။

ဘုရားကြီးကျေးရွာသား တစ်ဦးက “ တိုက်ပွဲက ည ၇ နာရီခွဲလောက်ကစပြီး ဖြစ်ပါတယ်။ နာရီခွဲ နီးပါးလောက် ကြာပါတယ်။ စစ်တပ်က ကျွန်တော်တို့ရွာ ဘုန်းကြီးကျောင်းကနေ ပစ်ပါတယ်။ အေအေက မော်ရွာဟောင်းကနေ ပစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ကြပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲအတွင်း ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး ဘုရားကြီးရွာသားများ အနေဖြင့် ထိခိုက်မှု တစ်တစ်စုံတစ်ရာ မရှိဟု ၎င်းက ပြောဆိုသည်။

“ ကျွန်တော်တို့ ဘုရားကြီးမှာ မိသားစု ၁၀၀ ကျော်ရှိပါတယ်။ တစ်ရွာလုံးထွက်ပြေးလာကြပါတယ်။ လူပေါင်း ၈၀၀ ရှိပါတယ်။ အခု ကျွန်တော်တို့ စင်းဘောကိုင်းကို ရောက်နေပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြပါတယ်” ဟု ၎င်းဘုရားကြီး ကျေးရွားသားက ပြောဆိုသည်။

အလားတူ မော်ရွာဟောင်းမှ ရွာသား ၅၀၀ နီးပါးခန့်လည်း ထွက်ပြေးပြီး စင်ဘောကိုင်းကျေးရွာသို့ ရောက်ရှိနေကြောင်း ပြောကြားသည်။

“ အခု ကျွန်တော်တို့ စင်းဘောကိုင်းကို ရောက်နေကြပါတယ်။ မော်ရွာဟောင်းမှာ အိမ်ခြေ ၆၀ ကျော်ရှိပါတယ်။ ထွက်ပြေးလာကြတာက လူပေါင်း ၄၀၀ ကျော် ဖြစ်ပါတယ်။ ဘုရားကြီးရော၊ မော်ရွာသစ်၊ မော်ရွာဟောင်းပါ အားလုံး ရခိုင်လူမျိုးတွေ နေထိုင်တဲ့ ရွာတွေပါ” ဟု ပြောသည်။

ဘုရားကြီးနှင့် မော်ရွာဟောင်းမှာ လေးမြို့ချောင်းတစ်ချောင်းသာ ခြားပြီး ၎င်းချောင်းထဲတွင် မော်တော်ဘုတ် တစ်စီးလည်း တိုက်ပွဲအတွင်း နစ်မြုပ်သွားကြောင်း ဒေသခံများက ပြောကြားသည်။

မော်တော်ဘုတ်ပေါ်တွင် ပါလာသူ ဆင်အိုးချေ ကျေးရွာမှ မောင်ဖြူလှမှာ ခြေထောက်တွင် ဒဏ်ရာရသွားသူ ညဉ့် ၁၂ နာရီ အချိန်တွင် မြောက်ဦးဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဆင်အိုးရွာသား တစ်ဦးက ပြောသည်။

နစ်မြုပ်သွားသည့် မော်တော်ဘုတ်နှင့် ပတ်သက်ပြီး ဘုရားကြီးရွာသား တစ်ဦးက “ နစ်မြုပ်သွားတယ်လို့သာ သိရပါတယ်။ ဘယ်သူ့ဘုတ်လဲ။ ဘယ်သူတွေပါသလဲဆိုတာတော့ ကျွန်တော်တို့လည်း တိတိကျကျ မသိရပါ။ မြစ်ကြောင်းအတိုင်းအထက်ကို တက်တဲ့ ဘုတ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...