ရခိုင်ပြည်နယ်မောင်တောနှင့် ရခိုင်ပြည်နယ်အတွင်းသို့ သယ်ဆောင်လာသည့် ယာဘားစိတ်ကြွဆေးပြား (၁၀) သန်းကျော်ကို မတ်လ ၂ ရက်နေ့က ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီတွင် ယာဘားစိတ်ကြွဆေးပြား ၈၇၇၅၀၀၀ ကိုလည်းကောင်း၊ မကွေးတိုင်းမင်းဘူးခရိုင် ငဖဲမြို့နယ်၊ နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ်(ပျဉ်းဝ) တွင် ၁၃၀၀၀၀၀ ကိုလည်းကောင်း မတ်လ ၂ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့၏ သတင်းအရ သိရသည်။
မောင်တောခရိုင် မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး တစ်ဦးက “ ကျွန်တော်တို့ သတင်းအရ ဖမ်းမိတာပါ။ မောင်တောမြို့ သုံးမိုင်ကျော် ဝပ်ရှေ့ာဆိုင်ဘေးမှာ ကွက်လပ်ရှိတယ်။ အဲဒီမှာ Hino ကားကို ထိုးထားတယ်။ ကျွန်တော်တို့ သိရတာကည နေ ၅ နာရီလောက်က သိရတယ်။ သိတဲ့ အချိန်မှာ ကားပေါ်မှာ ယာဉ်မောင်းက မရှိဘူး။ ဒါကြောင့် တပ်ဖျောက်ပြီး စောင့်ကြည့်တာပေါ့။ အဲဒီ အချိန်မှာ ကင်းအဖွဲ့ကနေ လူတစ်ဦး ဖုန်းနဲ့ သတင်းပို့တာကို ကြားတာပေါ့။ အဲဒီမှာ သွားစစ်ဆေးတော့ ဆိုင်ကယ်ကို နောက်ပြန်လှည့်ပြီး မောင်းပြေးတာပေါ့။ မောင်းပြေးတော့ သေနတ်နဲ့ သုံးချက် ခြောက်လှန့်ပြီး သတိပေးတဲ့ အနေနဲ့ ပစ်ခတ်ရတာပေါ့။ ဒါပေမယ့် သူက ထွက်ပြေးလွတ်မြောက်သွားပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
၎င်းနောက်ကားကို တက်ရောက်ရှာဖွေရာ မောတော်ယာဉ် ကြမ်းခင်း အံဝှက်အတွင်းမှ စိတ်ကြွ ရူးသွပ် ဆေးပြားအရေအတွက် ၈၇ ဒသမ ၇၅ သိန်း ဖမ်းမိကြောင်း၊ ၎င်းမူးယစ်ဆေးပြားများ၏ တန်ဖိုးမှာ လက်ရှိကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၁၇၅၅၀၀ ဖိုးရှိကြောင်း ၎င်းရဲမှူးက ပြောကြားသည်။
တရားခံများ မောင်မြင့်စိုးကို ဆေးရုံတွင် ဒဏ်ရာဖြင့် တက်ရောက်ကုသစဉ် ဖမ်းမိကြောင်း၊ ၎င်းမှာ ဆိုင်ကယ်ဖြင့် မောင်းပြေးကြောင်း၊ အရာရှိ တစ်ဦးကို တိုက်သွားပြီး အရှိန်ဖြင့် မောင်းပြီး ထွက်ပြေးသွားကြောင်း၊ ၎င်းနောက် ဒဏ်ရာရှပ်ထိပြီး အိမ်ကို ရောက်သွားသည်ဟု သတင်းရကြောင်း၊ အိမ်မှ တစ်ဆင့် ဆေးရုံသို့ ရောက်သွားပြီဟု သတင်းရသဖြင့် ဆေးရုံတွင် ဖမ်းဆီးခဲ့ကြောင်း ပြောဆိုသည်။
မောင်မြင့်စိုး၏ အစ်ကိုဖြစ်သူက " မောင်မြင့်စိုးမှာ ဝေသာလီ ကျေးရွာမှ သူနေထိုင်ရာ ရွှေရင်အေးသို့ အရက်သောက်ပြီး ဆိုင်ကယ်ဖြင့် ပြန်သွားစဉ် လုံခြုံရေးတပ်ဖွဲ့က တားသဖြင့် ကြောက်လန့်၍ ထွက်ပြေးခြင်းသာ ဖြစ်ပြီး သူညီအနေဖြင့် ယခု ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း" ပြောဆိုသည်။
မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “ ဒီဆေးပြားတွေ မန္တလေးဘက်က သယ်လာတာ ဖြစ်ဖို့များတယ်။ သယ်လာတဲ့ ကားက မန္တလေးလိုင်စင်ဆိုတော့ မန္တလေးဘက်ကနေ ဝင်လာတာ ဖြစ်နိုင်ပါတယ်။ ဒီဆေးပြားတွေက ပို့နေကျအတိုင်း တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်ကို ပို့ဆောင်ဖို့ ယူဆောင်လာကြတာပါ” ဟု ပြောကြားသည်။
အလားတူ မကွေးတိုင်းမင်းဘူးခရိုင် ငဖဲမြို့နယ်၊ နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ်(ပျဉ်းဝ) တွင် မတ် ၂ ရက် ည ၁၁ ခန့်တွင် ပန်းရောင် စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ ကို လူ ၃ ဦးနှင့် အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။
၎င်းဆေးပြားများကို ရန်ကုန်မှ စစ်တွေသို့ ဒိုင်နာ အဖြူရောင်ကားဖြင့် ယူဆောင်လာခြင်း ဖြစ်ပြီး ယာဉ်အား ရပ်တန့်ရှာဖွေရာမှ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်း သိန်းကျော် (၃၇)နှစ်၊ ကျော်မင်းဦး (၃၆)နှစ်နှင့် အောင်စိန် (၅၃) နှစ်တို့ကို ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။







