UNODC ၏ ကချင်ဘိန်းခင်း အစီရင်ခံစာ မြေပြင်အခြေနေနှင့် ကွဲလွဲ

UNODC ၏ ကချင်ဘိန်းခင်း အစီရင်ခံစာ မြေပြင်အခြေနေနှင့် ကွဲလွဲ

ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ UNODC ၏ ‘Myanmar Opium Survey 2018’ တွင် ဖော်ပြသော ကချင်ပြည်နယ်ဘိန်းခင်းနှင့်ပတ်သက်ပြီး ဖော်ပြချက်များသည် မြေပြင်မှာဖြစ်သော အခြေအနေနှင့် ကွဲလွဲမှုရှိနေကြောင်း ကချင်အဖွဲ့အစည်းများ ဝေဖန်ထောက်ပြကြပါသည်။

၂၀၁၁ ခုနှစ် ကချင်ပြည်နယ်တွင် တကျော့ပြန် ပြည်တွင်းစစ်ဖြစ်လာပြီးနောက် တရားဝင်နှင့် တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏ အများဆုံးနေရာဒေသများသည် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် တနိုင်းမြို့နယ်များအတွင်း အစိုးရထိန်းချုပ်မှုအောက် နယ်ခြားစောင့်တပ် (BGF)၊ ပြည်သူ့စစ် နှင့် တပ်မတော် ရှေ့တန်းစခန်းရှိသည့် နေရာဒေသများတွင် ဖြစ်နေကြောင်း ၂၀၁၄ ခုနှစ် ဖွဲ့စည်းခဲ့သည့် Pat Jasan (PJS) ခေါ် ခရစ်ယာန်အသင်းတော်များဦးဆောင်သော ကချင်လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆိုပါသည်။

သို့သော်လည်း ၂၀၁၉ ဇန်နဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်သော UNODC စစ်တမ်းအစီရင်ခံစာက ၂၀၁၈ ခုနှစ် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ၁၃% ထိလျှော့ကျခဲ့ကြောင်းဖော်ပြပြီး ဘိန်းဆက်လက် စိုက်ပျိုးနေမှုများနှင့် လက်နက်ကိုင် ပဋိပက္ခကိုချိန်ဆက်ကာ "ကချင်ပြည်နယ် အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏအမြင့်ဆုံး နေရာများမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသ သို့မဟုတ် စိုးမိုးမှုရှိသောဒေသများတွင်ဖြစ်သည်" ဟု ဖော်ပြထားသည်။

မြစ်ကြီးနားမြို့ Trinity ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်းရှေ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး PJS အဖွဲ့ ဆိုင်းဘုတ်

ယင်း စစ်တမ်းအစီရင်ခံစာကို KIO ပယ်ချလိုက်ပြီး ဖေဖေါ်ဝါရီလ ၁၅ရက် နေ့စွဲဖြင့် ဘန်ကောက် အခြေစိုက် UNODC ၏ အရှေ့တောင်အာရှနှင့် ပစ္စိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas ထံ လိပ်မူပြီး အိပ်ဖွင့်ပေးစာဖြင့် ယခုလို ကန့်ကွက်ခဲ့သည်။

"မိမိတို့ အနေဖြင့် UNODC ၏ အခြေအမြစ်မရှိသည့် ပုတ်ခတ်စွပ်စွဲချက်များကို လုံး၀ (လုံးဝ) လက်မခံနိုင်ပါ၊ UNODC မှ ယခုကဲ့သို့ ဖော်ပြရခြင်း၏ အကြောင်းအရင်းကိုလည်း မေးခွန်းထုတ်စရာ အဖြစ်ယူဆပါသည်။ ဤအစီရင်ခံစာကို ပူးတွဲရေးသားသည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဖိအားပေး တောင်းဆိုမှုကြောင့် သူ၍သာ မိမိတို့ အနေဖြင့် ယူဆမိပါသည်။"

UNODC က ကချင်ပြည်နယ်အတွင်း ဘိန်းကို စီးပွားဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် အဓိက ပတ်သက်နေသော အစိုးရ၊ တပ်မတော်၊ နယ်ခြားစောင့်တပ် နှင့် ပြည်သူ့စစ်များကို ဝေဖန်ခြင်းမရှိဘဲ ၁၉၉၂ခုနှစ် ကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီ ချမှတ်ကာ နှစ်စဉ် ဘိန်းခင်းဖျက်ဆီးရေး ပြုလုပ်နေသော KIO/ KIA ကို ပစ်မှတ်ထား အပြစ်ဖို့လိုက်ခြင်းဖြစ်သည်။

ယခု ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် UNODC ရန်ကုန်ရုံးနှင့် ဘန်ကောက်ရှိ အရှေ့တောင်အာရှ နှင့် ပစ္စိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ်ရုံး တို့ကို ကချင်သတင်းဌာန KNG မှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိပါဘူး။ ထို့အပြင် Mr. Jeremy Douglas ၏ email ([email protected])သို့ စာရေး မေးမြန်းထားသော်လည်း ဖြေကြားခြင်း မရှိသေးပါဘူး။

၂၀၁၄ ခုနှစ် နိုဝင်ဘာလက KWAT ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ) ထုတ်ဝေသော “Silent Offensive (အသံတိတ် ထိုးစစ်)” အစီရင်ခံစာတွင် ကချင်ပြည်နယ်တွင် ဘိန်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးပွားလာခြင်းနှင့် ပတ်သက်ပြီး ယခုလို တွေ့ရှိကြောင်း ဖော်ပြခဲ့သည်။

“မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးပွားလာခြင်း၏ အဓိကအချက်မှာ KIA အား တိုက်ခိုက်နိုင်ရန်အတွက် မြန်မာအစိုးရ လက်အောက်ခံ ပြည်သူ့စစ်များအား ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းဖြူအပါအဝင် တခြား သော မူးယစ်ဆေးဝါးထုတ်လုပ်မှုများကို ခွင့်ပြုထားသည့် မူဝါဒကြောင့်ပင်ဖြစ်သည်။ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ်များ ကချင်ဒေသများအား တဖြည်းဖြည်းခြင်း သိမ်းပိုက်၊ ထိန်းချုပ်လာသည်နှင့် အမျှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာလည်း ပိုမို၍ တိုးပွားလာသည်။”

ကချင်ပြည်နယ်ရှိ ဝိုင်းမော်နှင့် ချီဖွေမြို့နယ်များမှာ ဘိန်းအဓိက စိုက်ပျိုးမှုဒေသများဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦး ဇခုန်တိန့်ယိန်း ဦးဆောင်သည့် နယ်ခြားစောင့်တပ် အမှတ် (၁၀၀၁)၊ (၁၀၀၂)၊ (၁၀၀၃) နှင့် (၁၀၀၄) တို့ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

UNODC ၏ ၂၀၁၃ ဘိန်း စိုက်ပျိုးမှု စစ်တမ်းတွင် ဝိုင်းမော် နှင့် တနိုင်းတို့ကိုသာ “အထူးစိုးရိမ်ရ” ဒေသအဖြစ် သတ်မှတ်ခဲ့ပြီး ထူးဆန်းစွာပင် ချီဖွေ ဒေသအား ထိုသို့ သတ်မှတ်မထားသည်ကို တွေ့ရသည်။

“အဲတာကြောင့် ကျမတို့မြင်တာက မြန်မာအစိုးရနဲ့ တပ်မတော်ကို ထောက်ခံပေးတဲ့ အဖွဲ့ဖြစ်တယ်ဆိုတာကို UNODC ကို ကျမတို့ မြင်ပါတယ်။ အဲဒီလို သတ်မှတ်ဖို့လဲ ပြောဆိုနေတယ်လေ” ဟု KWAT အဖွဲ့ Coordinator ဒေါ် Moon Nay Li ဆိုပါသည်။

Kambaiti-BGF.jpg

၂၀၁၆ ခုနှစ် မတ်လ PJS အဖွဲ့မှ ဆဒုံး နဲ့ ကန်ပိုက်တီ  ဒေသအတွင်း ဘိန်းခင်း ဖျက်ဆီးရေးကို လမ်းပိတ် ဟန့်တားနေတဲ့ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော နယ်ခြားစောင့်တပ် BGF နဲ့ အစိုးရ စစ်သားတွေကို ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ် တွေ့ရစဉ်

UNODC စစ်တမ်းတွင် ၂၀၁၈ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျှော့လာကြောင်း ဆိုသော်လည်း ချီဖွေမြို့နယ် နှင့် ဝိုင်းမော်မြို့နယ် တို့တွင် ၂၀၁၇ နှစ်ထက် ၂၀၁၈ မှာ ဘိန်းစိုက်ပျိုးမှု ပမာဏ ဧက ရာပေါင်းများစွာ ပိုတိုးလာကြောင်း ဒေသဆိုင်ရာ ကချင်လူမှုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan (PJS) တာဝန်ရှိသူများက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏ ဒုတိယ အများဆုံးဖြစ်သော တနိုင်းမြို့နယ်အတွင်း ဘိန်းခင်းများကို KIA နှင့်လက်လှမ်းဝေးသော ယုဇနကုမ္ပဏီပိုင် ခြံဝင်းအပါဝင် အစိုးရထိန်းချုပ်သော နယ်မြေ နှင့် တပ်မတော် ရှေ့တန်းစခန်းများ တည်ရှိသောနေရာများတွင် အဓိက မြင်တွေ့သည်ဟု တနိုင်းဒေတဆိုင်ရာ PJS အဖွဲ့ တာဝန်ရှိသူများကို မေးမြန်းသိရသည်။

ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ကြီးနား-ပူတာအိုကားလမ်း ဆွမ်ပရာဘွမ် နှင့် ပူတာအို အကြားရှိ မြန်မာစစ်တပ် စခန်းများ တည်ရှိရာနေရာများတွင်လည်း ဘိန်းစိုက်ပျိုးမှု နှစ်စဉ်တိုးလာကြောင်း ဒေသခံ ရွာသားများဆိုပါသည်။

၂၀၁၁ ခုနှစ် မတိုင်ခင် ကချင်ပြည်နယ် တပ်မတော် ရှေ့တန်းနယ်မြေများ နှင့် ၂၀၁၁ နောက်ပိုင်း KIA မှ သိမ်းပိုက်သော တပ်မတော် စစ်စခန်းသစ်များ တည်ရှိရာ နေရာတိုင်းလိုလိုတွင် ဘိန်းစိုက်ပျိုးမှု ရှိခြင်းကို လေ့လာတွေ့ရကြောင်း ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏ စောင့်ကြည့်နေသည့် PJS အဖွဲ့များ ဆိုပါသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...