ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၈၉ ဦးသည် ယနေ့တွင် နုတ်ထွက်လွှာတင်ပြီး နုတ်ထွက်သွားကြပြီဟု သတင်းရရှိသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက “ မြောက်ဦးမြို့နယ်မှာ စုစုပေါင်း ကျေးရွာအုပ်စုပေါင်း ၁၀၃ အုပ်စုရှိပါတယ်။ အဲဒီအထဲက ၈၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာ ဖြစ်ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို တိုက်ရိုက်စာတင်ပြီး နုတ်ထွက်လိုက်ကြတာပါ။ ခရိုင်၊ ပြည်နယ် ထွေအုပ်နဲ့ လွှတ်တော်က ဦးထွန်းသာစိန်တို့ဆီကို မိတ္တူ ပို့ပါတယ်” ဟု ပြောကြားသည်။
သူတို့နုတ်ထွက်ရခြင်းမှာ ယမန့်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးအား ရဲက ခေါ်ယူဖမ်းဆီးသွားခြင်းနှင့် သက်ဆိုင်ကြောင်း ပြောကြားသည်။
“ ကျွန်တော်တို့ ကျေးရွာ အုပ်ချုပ်ရေးမှူး အနေနဲ့ လုံခြုံမှု မရှိတော့လို့ပါ ခင်ဗျား။ မနေ့က ၂၈ -၂-၂-၁၉ နေ့ က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ပါ ခင်ဗျား။ လုံခြုံရေးက ရှေ့မှာ ထိခိုက်လာနိုင်တယ်။ အခုထက်ထိ မနေ့ညကဆို ရင်လည်း ကိုယ်အိမ်မှာတောင်ကိုယ် ပြန်မအိပ်ရဲဘူး။ ဘယ်အချိန်က ကိုယ့်အလှည့်ကျမလဲဆိုတာ အမြဲတန်း စိုးရိမ်နေရပါတယ်။ သူတို့ လုပ်တာက ဥပဒေနဲ့ ညီလား မညီလားတော့ မသိဘူး။ ကျွန်တော်တို့ယူဆထားက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို ဖမ်းမယ်ဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးဆီက ခွင့်ပြု ချက် တောင်းသင့်တယ်လို့ ထင်တယ်ခင်ဗျား” ၎င်းက ပြောကြားသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် လကုန် အစည်းအဝေး ကျင်းပမည့် အချိန် ခန်းမထဲတွင် နေရာယူထားပြီ ဖြစ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး မရောက်မီ ခေတ္တမြို့နယ် ရဲမှူးက မြို့နယ် ဒုဦးစီးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးအား အပြင်ကို ခေါ်ခိုင်းကြောင်း၊ စကားပြောချင်သည်ဟု ခေါ်ခိုင်းကာ တစ်ခါတည်း ရဲစခန်းကို ခေါ်ယူသွားပြီး ဖမ်းဆီးလိုက်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ ဘယ်ဘက်က ကြည့်ကြည့် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မလုံခြုံဘူး။ တော်တော်လေးကို ကြားညှပ်တာကို ခံရတယ်ခင်ဗျား။ ဟိုဘက်က ကြည့်ရင်လည်း မလုံခြုံဘူး၊ ဒီဘက်က ကြည့်ရင်လည်း မလုံခြုံဘူး။ ကျွန်တော်တို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သူများကို အုပ်ချုပ်ဖို့ထား၊ ကိုယ်ဟာကိုယ်တောင် မလုံခြုံတဲ့ အဆင့်ကို ရောက်လာပါပြီ။ ဆက်ပြီး တာဝန်ယူရင် မနေ့က ဖြစ်စဉ်မျိုး ဆက်ဖြစ်လာနိုင်တဲ့ အတွက် မိမိဆန္ဒသဘောထားနဲ့ ၈၉ ဦးစလုံးက နုတ်ထွက်ကြတာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဖုန်းအား ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူး အပြင်ထွက်သွားသည်ဟု ဆိုကာ ဖုန်းကိုင်သော်လည်း ဖြေဆိုခြင်းတစ်စုံတစ်ရာ မရှိပါ။
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးမှာ ပြိုင်းချကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပေါက်ပင်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်ဆည်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြောင်း သိရသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀၃ ဦးတွင် ၈၉ ဦးနုတ်ထွက်၊ ၄ ဦးဖမ်းဆီးခံထားရသဖြင့် နုတ်မထွက်ဘဲ ကျန်ရှိနေသေးသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ၁၀ ဦးသာ ကျန်ရှိကြောင်း သိရှိရသည်။
(ဓာတ်ပုံ- မောရမြီ ကျော်လှမြင့်)







