ကရင်နီ ဒုက္ခသည် ၆၀ နီးပါး၊ ပြည်တွင်းသို့ ပို့ဆောင်

ကရင်နီ ဒုက္ခသည် ၆၀ နီးပါး၊ ပြည်တွင်းသို့ ပို့ဆောင်

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့နယ်အတွင်း၌ရှိသော ဘန့်မိုင်နန်းဆွယ် အမှတ် ၁ ကရင်နီ ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅၉ ဦး ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ၏ မိမိဆန္ဒအလျှောက် နေရပ်ပြန်ရေးအစီအစဉ်ဖြင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ဂိတ်တခုဖြစ်သည့် BP 13 မှတဆင့် ပြန်ပို့ခဲ့သည်။

ကရင်နီဒုက္ခသည်စခန်းအတွင်း “ဆန္ဒအလျှောက် ဌာနေပြန်သွားရေး အကျိုးဆောင်ဗဟိုဌာန- VRC” အစီအစဉ်ဖြင့် UNHCR မှ စာရင်းကောက်ခံခဲ့ပြီး မိမိနေရပ်ပြန်လိုသူ အိမ်ထောင်စု ၁၅ စုတွင် ကလေးငယ် ၂၁ ယောက် နှင့် လူကြီး ၃၈ ယောက် ပါဝင်သည့် ဒုက္ခသည် ၅၉ ဦး ကို မယ်စဲ့မြို့နယ်မှတဆင့် လွိုင်ကော်မြို့သို့ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် မိမိနေရပ်အသီးသီးသို့ ပို့ဆောင်သွားမည်ဟု သိရသည်။

ကရင်နီဒုက္ခသည်များနေရပ်ပြန်ပို့သည့်အစီအစဉ်တွင် ထိုင်းတာဝန်ရှိသူများနှင့်အတူ UNHCR ၊ နိုင်ငံတကာ ရွှေ့ပြောင်းသူများ အဖွဲ့ IOM မှ တာဝန်ရှိသူများအပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက်သည့် မြန်မာကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် ဦးသိန်းတင် ကိုယ်တိုင် ဦးဆောင်လိုက်ပါ ပို့ဆောင်ခဲ့ပြီး မယ်စဲ့မြို့တွင် ကယားပြည်နယ် ဝန်ကြီးချူပ် အပါအဝင် ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကြိုဆိုခဲ့ကြသည်။

အသက် ၅၂ နှစ်အရွယ် ဖားဆောင်းဒေသခံ ခေးစီ ဆိုသူကတော့ “နေရပ်ပြန်ရန်အတွက် ကြောက်စိတ်မရှိသလို မိမိမွေးရပ်မြေကိုပဲ ပြန်မှာဖြစ်တယ်၊ ကိုယ့်ဒေသမှာ စိုက်ပျိုးရေးပဲ ပြန်လုပ်ကိုင်စားသောက်မယ်၊” ဟု ပြောဆိုသည်။

မိမိဆန္ဒအလျှောက် နေရပ်ပြန်လာကြသည့် ဒုက္ခသည် တိုင်းရင်းသားများအား ပြန်လည်လက်ခံကြို ဆိုခြင်း အခမ်းအနားကို ကယားပြည်နယ် မယ်စဲ့မြို့နယ်ခန်းမတွင် ကျင်းပခဲ့ပြီး ဒုက္ခသည်များကို UNHCR အဖွဲ့မှ လူကြီးတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၉၃၀၀ ဘတ် နှင့် ကလေးတစ်ဦးလျှင် ၇၅၀၀ ဘတ် အပါအဝင် စားသောက်ဖွယ်ရာများကို ပေးအပ်သည့် အခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။

အလားတူ ဖေဖေါ်ဝါရီလ ၂၀ ရက်၌လည်း ကရင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၃၃ ဦး ကို ထိုင်း မြန်မာနယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံ မြဝတီမြို့ ကျောက်လုံကြီး စခန်းသို့ ပထမအသုတ်အနေဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။

နယ်စပ်ဒုက္ခသည်စခန်းများမှတဆင့် မိမိဆန္ဒအလျှောက် နေရပ်ပြန်လိုသူများကို တတိယအကြိမ်အဖြစ် ဒုက္ခသည် ၅၇၅ ဦး ကို ကရင်ပြည်နယ် မြဝတီဂိတ် နှင့် ကယားပြည်နယ် မယ်စဲ့ဂိတ်များမှ တဆင့် ပြန်လည်ပို့ဆောင်သွားမည်ဟုလည်း UNHCR မှ ထုတ်ပြန်ထားသည်။

ကရင်နီ ဒုက္ခသည်တွေဟာ လွန်ခဲ့သည့် ၁၉၈၄ ခုနှစ်က မြန်မာအစိုးရတပ်မတော် နဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက် မှုများဖြစ်ပွားခဲ့ပြီးနောက် မယ်ဟောင်ဆောင်ခရိုင်နယ်စပ်ဒေသရှိ ဘန့်မိုင်နန်းဆွယ်၊ ဘန့်မယ့်ဆုလင်း၊ ဘန့်မယ့်လမားလုံ နှင့် ဘန့်မယ့်လအူး ဒေသတွေကို ဒုက္ခသည် ၂၀၀၀၀ ကျော် ရောက်ရှိခိုလုံခဲ့ကြပြီး တတိယနိုင်ငံတွေကို ထွက်ခွာသွားသူများလည်းရှိသည်။

ထိုင်း မြန်မာနယ်စပ်တွင်ရှိသည့် ဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည်များအား မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်ရန် ထိုင်းအစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ ပူးပေါင်း၍ ဒုက္ခသည်စခန်းများတွင် “ဆန္ဒအလျှောက် ဌာနေပြန်သွားရေး အကျိုးဆောင်ဗဟိုဌာန- VRC” ရုံးခန်းများ ၂၀၁၆ ခုနှစ်တွင်စတင် ဖွင့်လှစ်ကာ  စတင်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ အုန်းဖြန်မြို့နယ်မှ နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည် မိသားစု ၁၉ စုအား ပထမဆုံးအသုတ်အနေဖြစ် နေရပ် ပြန်လည်ပို့ဆောင်ခဲ့သည်။

ဒုတိယအကြိမ်မြောက် အစီအစဉ်တွင် နယ်စပ်ဒုက္ခသည်စခန်း ၅ ခုဖြစ်သည့် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်တုန့်ယန်းနှင့် ဘန့်မိုင်နန်းဆွယ် ကရင်နီဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၉၃ ဦးကို ၂ဝ၁၈ ခုနှစ် မေလ ၇ ရက်နေ့တွင် နယ်စပ်ဒေသမှတဆင့် ဒေသအသီးသီးသို့ ပြန်ပို့ခဲ့သည်။

February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...