ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာ ရွာဝင်ဝတွင် ဇန်နဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ရှင်းလင်း ဖယ်ရှားပေးစေလိုသည်ဟု အုန်းချောင်းကျောင်း ဆရာတော် ဦးတေစိန္တက မိန့်ကြားသည်။
“ အခု လက်နက်ကြီးကျည်တွေ မပေါက်ကွဲဘဲ ကျန်နေတာတွေ ရှိနေတယ်။ အခု အဲဒီအနားကို ဘယ်သူမှ မသွားရဲဘဲဖြစ်နေတယ်။ ရွာပြင်မှာ နှစ်လုံးတွေ့တယ်။ တစ်လုံးကိုတော့ ဝါးလုံးနဲ့ ထောင်ပြီး သတိပေးထားတယ်။ ရွာဝင် လမ်းဘေးရေမြောင်းထဲမှာလည်း တစ်လုံးတွေ့တယ်။ ဒါတွေကို သက်ဆိုင်ရာက အမြန်ဆုံး ဖယ်ရှားပေးစေလိုပါတယ်” ဟု ဆရာတော်မှ နိရဉ္စရာ သတင်းဌာနမှ သွားရောက်တွေ့ဆုံ မေးမြန်းစဉ် မိန့်ကြားသည်။
ထိုသို့ ကျေးရွာ အနီးတွင် မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များရှိနေသဖြင့် တစ်ရွာလုံးသားအနေဖြင့် စိုးရိမ်နေကြသည်ဟု ဆရာတော်က ပြောဆိုသည်။
အုန်းချောင်းကျေးရွာတွင် ဇန်နဝါရီ ၂၈ နံနက်ပိုင်းက မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်တပ်မှ လက်နက်ကြီးများထုခဲ့သဖြင့် ဓမ္မာရုံခေါင်းမိုးပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ခေါင်းမိုးပျက်စီးခဲ့သည်ဟုလည်း ရွာသားများက ပြောကြားသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာမှ ၇ တန်းကျောင်းသား တစ်ဦးသူ မောင်အောင်ဝင်းထွန်း သည် ကျောင်းဆင်းစဉ် ကောက်ရခဲ့သည့် ဗုံးသီးတစ်လုံးအား အိမ်ကို ယူလာပြီး အိမ်အရောက်တွက် စူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ဇန်နဝါရီ ၁၄ ရက်နေ့က သေဆုံးသွားခဲ့သည်။







