ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့က စစ်တပ်က ဘူးသီးတောင်သို့ ခေါ်ယူသွားပြီး နခစ (၃) စခန်းတွင် ထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။
ခေါ်ဆောင်ခံရသူများမှာ ဘူးသီးတောင်မြို့နယ်မှ သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိူင်နှင့် ရွာမှ လူငယ်တစ်ဦးဖြစ်သူ မောင်ကျော်ဝင်း၊ ပြင်ချောင်းကျေးရွာမှ ၇ ဦး၊ ၎င်းတို့မှာ အောင်ထွန်းသိန်း၊ ထွန်းမြကျော်၊ ကျော်သန်းမောင်၊ အောင်သိန်းစိုး၊ အောင်မိုးထွန်း၊ ဘစီ၊ မောင်မောင်သန်း ဖြစ်ကြသည်။
တစ်ခြားခေါ်ယူခံရသူများမှာ စက်လှေဖြင့် စပါးလာဝယ်ယူသည့် ကျောက်တော်မြို့နယ် အပေါက်၀ ကျေးရွာမှ ၂ ဦး၊ နေပူခံရွာမှ တစ်ဦးနှင့် ကားလမ်းပေါ်တွင် သွားလာနေသူ ၃ ဦးဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ အခု ကျွန်တော်နဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းတို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ သရက်ပြင်ရွာနားမှာ တိုက်ပွဲ ဖြစ်ပွားတဲ့ အတွက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဖို့လာတယ်။ အဲဒီမှာ သိရတာ လူ ၁၅ ဦးကို စစ်တပ်က ခေါ်သွားတယ်။ ခေါ်သွားခံရတဲ့ ၁၅ ဦးထဲမှာ သရက်ပြင် အုပ်ချုပ်ရေးမှူးနဲ့ လူငယ် တစ်ဦး၊ ပြင်ချောင်းရွာက လူငယ် ၇ ဦး၊ နယ်ခြားစောင့်ရဲ့ ခွင့်ပြုချက်ယူပြီး စက်လှေနဲ့ စပါးလာဝယ်တဲ့ ကျောက်တော်မြို့နယ် အပေါက်ဝရွာက ၂ ဦးနဲ့ နေပူခံတစ်ဦး၊ ကားလမ်းပေါ်မှာတွေ့လို့ ဖမ်းခေါ်သွားတဲ့ ရေကောင်းချောင်းက တစ်ဦးနဲ့ နောက်ထပ် လူငယ် ၂ ဦးလို့ သိရပါတယ်။ ဖမ်းဆီးတာလားဆိုတာတော့ မသိဘူး။ ခေါ်ယူသွားတာက မှန်ပါတယ်” ဟု ပြောသည်။
ခေါ်ယူသွားသူ ၁၅ ဦးအား လက်ရှိ နယ်ခြားစောင့်တပ်ရင်း နခစ (၃) တွင် ထားရှိသည်ဟု သိရကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင် နခစ (၃) သို့ သွားရောက်ပြီး အကျိုးအကြောင်း သွားမေးမည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
ပြင်ချောင်းရွာမှ လူငယ် ၇ ဦးမှာ ကြာညိုပြင်ဘုန်းတော်ကြီးကျောင်းသို့ ကယ်ဆယ်ရေး ပစ္စည်းများ ယူရန် လာစဉ် ခေါ်ဆောင်ခံခဲ့ရသည်ဟု ကျောင်းထိုင်ဆရာတော်က ပြောသည်။
ကြာညိုပြင် ဆရာတော်က “ ပြင်ချောင်းကျေးရွာက လူငယ် ၇ ဦးကို ဦးဇင်းကျောင်းက ခေါ်သွားတယ်။ မနေ့က စစ်တွေက ကယ်ဆယ်ရေးလာတော့ ကယ်ဆယ်ရေး သမားတွေက သူတို့ကို စိုင်းတင်ကို တက်ဖို့ အချိန်လည်း မရှိတော့ဘူး။ ပြင်ချောင်းက လူတွေကို ခေါ်ချလို့ ရမလားလို့ မေးပါတယ်။ ဦးဇင်းက ရတယ်လို့ ပြောပြီး ခေါ်ချလိုက်တာပါ။ ညနေ ၃ နာရီခွဲမှာ ရိက္ခာတွေကို ကျောင်းအောက်ကို ချပြီး ရွာကိုယူသွားမယ်လို့ လုပ်တော့ ချောင်းတစ်ဖက်ကမ်းမှာ ရှိတဲ့ စစ်တပ်က သူတို့ကို ခေါ်တယ်။ မေးတာ မြန်းတာ တစ်နာရီလောက်ကြာတယ်။ နောက်တော့ ဘူးသီးတောင်ကို ထပ်ပြီး ခေါ်ယူသွားပါတယ်” ဟု မိန့်ကြားသည်။
၎င်းလူငယ်များကို ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ရွာနားသို့ ရောက်ရှိလာသည့် စစ်ကြောင်းမှ ဗျူဟာမှူးအား အကျိုးအကြောင်း ပြောပြရန် မေးရာ အလှမ်းဝေးသွာပြီဟု သိရသဖြင့် ကြာညိုပြင်ဆရာတော် အနေဖြင့် စကားပြောခွင့်မရလိုက်ဟု ဆိုသည်။
“ ဦးဇင်းက ပြောပါတယ်။ ဒီလူငယ်တွေက ရိုးရိုးသားလုပ်ကိုင် စားသောက်နေတဲ့ ကလေးတွေပါ။ ကယ်ဆယ်ရေး လာယူပါဆိုတဲ့ အတွက် လာယူတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကောင်လေးတွေကို မသင်္ကာဘူးဆိုရင်လည်း ဒီဒေသမှာရှိတဲ့ ဘယ်ရခိုင်ကိုဘဲ မေးမေး၊ ကုလားကိုဘဲ မေးမေး၊ မေးလို့ရတယ်။ ရွာမှာရှိတဲ့ စစ်သားတွေကို မေးမယ်ဆိုရင် မေးလို့ရတယ်။ ကယ်ဆယ်ရေးလာတဲ့ ကလေးတွေကို ဘယ်လို လုပ်တာလဲလို့ မေးတော့ ဗျူဟာမှူးက ခဏ မေးစရာရှိလို့ ခေါ်ယူသွားတာလို့ စစ်သားတွေက ပြောပါတယ်” ဟု ကြာညိုပြင် ဆရာတော်က မိန့်ကြားသည်။
၎င်းပြင် ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိူင်နှင့် ရွာမှ လူငယ် တစ်ဦးဖြစ်သူ မောင်ကျော်ဝင်းကိုလည်း စစ်တပ်က ခေါ်ဆောင်သွားခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း မည်သည့်အတွက် ခေါ်ယူသွားခြင်းကို တိတိကျကျ မသိရသေးဟု ဆွေမျိုးများက ပြောဆိုသည်။
ဖမ်းသလား၊ အမှုဖွင့်တရားစွဲဆိုသလားဆိုသည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ လက်ရှိ အချိန်တွင် ၎င်းလူငယ်များအား ယခင် ရဲတပ်ရင်း (၁၃) ဟု လူသိများသည့် နစခ ၃ ရဲတပ်ရင်းကို ခေါ်ယူ ထိန်းသိမ်း ထားသည်ဟု သိရှိရကြောင်း ဆရာတော်က ပြောကြားသည်။
အဆိုပါ လူငယ်များ ခေါ်ယူသွားခြင်းနှင့် ပတ်သက်ပြီး ဘူးသီးတောင်အခြေစိုက် တပ်ရင်းများသို့ မေးမြန်းလိုသော်လည်း ဆက်သွယ်ရန် ဖုန်းနံပတ် မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တွင် ယခု လူ ၁၅ ဦးအပါအဝင် ရသေ့တောင် စခန်းတွင် ၂ ဦး၊ ဘူးသီးတောင်တွင် တစ်ဦးဖြစ်ပြီး ထိန်းသိမ်းထားသူ အရေအတွက်မှာ ယခုအခါ ၁၈ ဦး ရှိသွာပြီဟု သိရသည်။







