AA နှင့် ဖြစ်ပွားသောစစ်ပွဲများတွင် စစ်ရဟတ်ယာဉ်များ မသုံးကြောင်း သမ္မတရုံးပြောဆိုချက် လွဲမှားနေဟုဆို

AA နှင့် ဖြစ်ပွားသောစစ်ပွဲများတွင် စစ်ရဟတ်ယာဉ်များ မသုံးကြောင်း သမ္မတရုံးပြောဆိုချက် လွဲမှားနေဟုဆို

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း စစ်ရဟတ်ယာဉ်များ အသုံးမပြုခဲ့ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဒီဇင်ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းပြောကြားမှုမှာ လက်ရှိ ရခိုင်စစ်မြေပြင်တွင် ဖြစ်ပျက်နေမှုနှင့် လွန်စွာကွဲလွဲမှုရှိနေသည်ဟု ကျောက်တော်မြို့မှ လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးဇော်ဝင်းက ပြောကြားသည်။

“ သမ္မတရုံးက ပြောတာကမှားတယ်။ သမ္မတရုံးကို တပ်က ပြန်ကြားလို့သမ္မတရုံးက အဲသလို ပြောတာလို့ သိရတယ်။ သတင်းအမှန်ကို သမ္မတရုံးက မသိဘူး။ မသိလို့ ခုလို ပြောတာလို့ထင်တယ်။ ဒါကြောင့် သမ္မတရုံး တာဝန်ရှိသူ ပြောတာက လုံး၀ လွဲချော်နေတယ်။ မြေပြင်အနေအထားနဲ့ မညီဘူး ဖြစ်နေတယ်။ မှားနေပါတယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့က သလူချောင်း၊ ပညာဝ၊ ခရုချောင်း ကျေးရွာအုပ်စုအနီးတွင် စစ်ရဟတ်ယာဉ်နှစ်စီးပေါ်မှ စက်သေနတ်များဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သည်ဟု သူက ပြောကြားသည်။

“ ရွာသားတွေ ပထမ ပြောတာကတော့ စစ်ရဟတ်ယာဉ်တွေ လာတယ်။ နယ်ကလူတွေဆိုတော့ လေယာဉ်တွေ လာရင် လှည့်ကြည့်ကြတယ်။ ထွက်ကြည့်ကြတယ်။ အဲလိုမျိုး၊ ရွာအပေါ်ကို ရောက်တော့ ရဟတ်ယာဉ်ပေါ်က ဂျိန်းဆိုပြီး ပထမ တစ်လုံးနဲ့ အနီးက တောင်ကုန်းတစ်ခုကို စပစ်တယ်။ ပီးရင် စက်သေနတ်နဲ့ အဆက်မပြတ် ဒရဟော သွန်ချတယ်။ သွန်ချတော့ ကျည်ခွံတွေအောက်ကို ကျလာတယ်။ အဲဒီနေရာမှာ လူတွေက လဲပြိုသွားတယ်။ ဘာကြောင့် လဲပြိုသွားတာက ကြောက်လန့်ပြီးတော့ သွားဖို့နေရာရှာမရလိုက်တော့ဘူး။ တစ်ချို့က မြောင်းထဲကို ကျသွားတယ်။ ဖြစ်သလိုမျိုး၊ တစ်ချို့လည်း မိန်းမောသွားတယ်။ တစ်ချို့ နှလုံးရောဂါရှိတဲ့ အမျိုးသမီးတွေဆိုရင် ခုထိ ဆေးကုလို့ မကောင်းသေးဘူး။ လေယာဉ်က နှစ်စီး ပထမ တစ်ခေါက်ပစ်တယ်။ နောက်ထပ် တစ်နာရီလောက်မှာ တစ်ခေါက်လောက် လာပစ်တယ်လို့ သိရပါတယ်” ဟု ဦးဇော်ဝင်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကလည်း စစ်ရဟတ်ယာဉ်ပေါ်က ကျလာသည် ကျည်ဆံခွံများ၊ ကျည်ကပ်များအား သူကိုယ်တိုင် မြင်ခဲ့ရသည်ဟု ပြောဆိုသည်။

“ ကျွန်တော်မနေ့က သလူချောင်းရွာကို ကယ်ဆယ်ရေး ပေးဖို့သွားတယ်။ ရွာသားတွေက စစ်ရဟတ်ယာဉ်ပေါ်က ကျလာတဲ့ ကျည်ဆံခွံတွေ၊ ကျည်ကပ်တွေကို ပြတယ်။ကျည်ဆံခွံတွေက

အိမ်ခေါင်းမိုးပေါ် ကျတယ်။ လူပေါ်ကျတယ်။ ကျည်ကပ်တွေလည်း ကျလာတယ်လို့ ပြောပါတယ်” ဟု ဦးမောင်မောင်က ပြောဆိုသည်။

ထိုကဲ့သို့ စစ်ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် လူများမှာ ကြောက်လန့်တုန်လူပ်သွားပြီး နီးစပ်ရာရှိ လုံခြုံရေး ကောင်းမွန်သည့် နေရာများသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

(ဓာတ်ပုံ- စစ်ရဟတ်ယာဉ်ပေါ်မှ ကျလာသော ကျည်ခွံများ)

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...