ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် ပယ်ဖျက်ပေးရန် ဒေသခံများ တောင်းဆို

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် ပယ်ဖျက်ပေးရန် ဒေသခံများ တောင်းဆို

ကချင်ပြည်နယ် မြောက်ဖျား ပူတာအိုခရိုင် ပန်နန်းဒင် မြို့နယ်ခွဲရှိ ဒေသခံရွာသား ၂၀၀ ကျော်က ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ကို ပယ်ဖျက်ပေးရန် အမြင့်ပေ ၅,၈၀၀ ကျော်ရှိ ဝိုင်ဖီတောင်ထိပ်တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဝိုင်ဖီ တောင်ထိပ်တွင် ရှိသော ဥယျာဉ် အုပ်ချုပ်ရေးရုံးသို့ လေးမိုင်ခန့် တောင်တက်ခရီးကို ပြီးခဲ့သည့်လ ၂၁ ရက်က လမ်းလျောက်တက်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဒေသခံရွာသားများက ရိုးရာအစဉ်အလာ တောင်ဧရိယာ စီမံခန့်ခွဲမှုကို ပြန်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ် အမျိုးသား ဥယျာဉ် စတင်သတ်မှတ်ချိန်မှစပြီး ဒေသခံ ရွာသားများသည် ရိုးရာအစဉ်အလာ တောင်ယာ စိုက်ပျိုးခြင်း၊ တောလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ ဆေးဥဆေးမြစ်ရှာဖွေခြင်း၊ နှင့် သစ်ခုတ်ဝါးခုတ်ခြင်းတို့ ကန့်သတ်ခံခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒပြ ရွာသားများက “အမျိုးသား ဥယျာဉ် အလိုမရှိ”၊ အမေရိကန် အခြေစိုက် “သားရိုင်း ထိန်းသိမ်းရေး အဖွဲ့အစည်း CWS အလိုမရှိ” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်။

“ရဲတွေနဲ့ ဥယျာဉ် ဝန်ထမ်းတွေက ဒေသခံ ခရီးသွားတွေကို စစ်ဆေးတယ်၊ တစ်ခါတစ်လေ သေနတ်တွေနဲ့ ချိန်းခြောက်တာမျိုးတွေ ရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဥယျာဉ်ဧရိယာ သတ်မှတ်မှုကြောင့် ကဝိုင်၊ ဒဇွန်ဒန်၊ တာဆူထူ၊ ခါယောင်၊ နှင့် အင်ဂါဝါ ကျေးရွာ ငါးရွာကို လုပ်ကိုင်စားသောက်စရာ မြေမရရှိသည့် နောက်မွန်းသို့ အတင်းရွှေ့ပြောင်းခဲ့ခဲ့ရသည်။

ကျေးရွာသား ၁၀၀၀ ကျော်က ၂၀၁၇ ခုနှစ် မေလအတွင်းကလည်း သဘာ၀ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စု ဝန်ကြီးထံ အမျိုးသား ဥယျာဉ် ဖျက်သိမ်းပေးရန် စာရေးတောင်းဆိုခဲ့သည်။ ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ရန် ကြိုးပမ်းမှုကိုလည်း ဆန့်ကျင်ခဲ့ကြသည်။ သို့သော်လည်း ယနေ့ထိတိုင် အကြောင်းပြန်ကြားခြင်း မရှိဟု ဒေသခံများက ပြောသည်။

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်သည် စတုရန်း ကီလိုမီတာ ၃,၈၁၀ ရှိပြီး ကချင်ပြည်နယ်၏ မြောက်ဖျားစွန်းဒေသတွင် တည်ရှိသည်။ ယင်းဥယျာဉ် ဧရိယာတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထိပ်ဟု သတ်မှတ်ထားခဲ့သော ခါကာဘိုရာဇီတောင်ထိပ်လည်း ပါဝင်သည်။

May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...