ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့မှ နေအိမ်တစ်ချို့ကို အဖွဲ့ပေါင်းစုံ ပါဝင်သော အဖွဲ့ တစ်ခုမှ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်နေ့) ဝင်ရောက်စစ်ဆေးသွားခဲ့သည်ဟု သတင်းရရှိသည်။
“ ဒီကနေ့ စစ်ဆေးတာက ညောင်ပင်ဈီး ရပ်ကွက် ကိုစစ်ဆေးပါတယ်။ စစ်တဲ့အထဲမှာ ပါတာက ရဲ ၅ ယောက်၊ စစ်တပ်က ၃ ယောက်၊ လဝက ၂ယောက်၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင်ဆိုရင် ၁၅ ယောက်လောက်ရှိပါတယ်။ အိမ်တိုင်းကို ဝင်စစ်တာတော့ မဟုတ်ပါဘူး။ တစ်အိမ်ခြား၊ နှစ်အိမ်ခြား ဝင်စစ်ဆေးတာပါ။ ရပ်ကွက်တစ်ခုဆိုရင် ၇ အိမ်- ၈ အိမ်လောက်ကို အဲသလိုမျိုး ဝင်စစ်ဆေးတာ ဖြစ်ပါတယ်” ဟု ညောင်ပင်ဈီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ပြောကြားသည်။
စစ်ဆေးမှုကို အထက်က ညွှန်ကြားချက်အရ လူဝင် လူထွက်ကို စစ်ဆေးခြင်း ဖြစ်ကြောင်း၊ စစ်ဆေးရာတွင် နိုင်ငံခြားသို့ အလုပ်ထွက်လုပ်သူ ရှိ/ မရှိကို စစ်ဆေးကြောင်း၊ မည်သည့် ခုနှစ်က ထွက်သွားပြီးအိမ်ကို ပြန်လာခြင်း ရှိ/ မရှိကို စစ်ဆေးကြောင်း၊ ၎င်းပြင် ပြန်လာရန် အခြေအနေ ရှိ/ မရှိကို မေးမြန်း စစ်ဆေးကြောင်း၊ အမည်၊ အသက်၊ မှတ်ပုံတင်နံပတ်စသည့် အချက်အလက်ပါ မှတ်ချက်များကိုလည်း ယူဆောင်ခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။
“ မနေ့ကတော့ အလယ်ဈီးရပ်ကွက်ကို စစ်ပါတယ်။ ဒီကနေ့တော့ အလယ်ဈီးနဲ့ ညောင်ပင်ဈီးကတော့ စစ်ဆေးလို့ ပြီးပါပြီ။ ဒီကနေ့မှာ အဘောင်တော်နားက အုတ်ဖော်ကန်ရွာနဲ့ ပေါင်းတုတ် ရခိုင်ရွာ တို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။ မနက်ဖြန် လက်ကောက်ဈီးရပ်ကွက်ကို စစ်ဆေးမယ်လို့ သိရပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
စစ်ဆေးရာတွင် ညောင်ပင်ဈေးအုပ်စုတွင် ပါဝင်သော ကြက်ဈီးရပ်၊ ရတနာပုံရပ်ကွက်၊ ရွှေဂူတောင်ရပ်ကွက် ရေပေါက်ဝရပ်ကွက် ပါဝင်ပြီး၊ အလယ်ဈီးရပ်ကွက်တွင် ကုန်သည်တန်းရပ်ကွက်၊ ကြက်လျှာကျွန်းရပ်ကွက်၊ ဝါးသဲ၊ လွမ်းတောင်၊ ရှောက်တောစု၊ ချင်းပျံတော၊ ဘီလူးကန်တို့ပါဝင်သည်ဟု သိရသည်။
ထိုသို့ ရပ်ကွက်တော်တော်များများရှိ အိမ်များအား ဝင်ရောက်စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးအား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ စစ်ဆေးရာတွင် ထွေအုပ်လည်း ပါဝင်သဖြင့် အုပ်ချုပ်ရေးမှူးကိုသာ မေးပါဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
ယခု စစ်ဆေးမှုသည် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ)တို့ အကြား တိုက်ပွဲများ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေသော အချိန်တွင် စစ်ဆေးခြင်း ဖြစ်သဖြင့် နေအိမ်များတွင် အေအေနှင့် ပတ်သက်သူများ ရှိ/ မရှိကို ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ လူငယ် တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ သွားကြည့်ပါတယ်။ စစ်ဆေးနေတာ အမှန်ပါ။ နိုင်ငံခြားကို အလုပ်သွားလုပ်တဲ့သူ ရှိ မရှိ စစ်ဆေးတာဟန်ပြလုပ်တာပါ။ အမှန်တကယ်က အခု အေအေနဲ့ဖြစ်နေတဲ့ တိုက်ပွဲ တွေကြောင့် တစ်စိမ်း လူတွေ ရှိ/ မရှိ၊ ဒီအိမ်ကနေ အေအေမှာ လုပ်ကိုင်နေသူ ရှိ / မရှိကို စစ်ဆေးတာ ဖြစ်ပါတယ်။ တစ်ခါမှ ခုလို စစ်ဆေးတာ အရင်က မရှိတဲ့ အတွက် အခု ရခိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ဆက်စပ်ပြီး စစ်ဆေးတာပါ” ဟု ၎င်းက ပြောကြားသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ဆက်သွယ်မေးမြန်းရာ မြောက်ဦးတွင် ရပ်ကွက်တစ်ချို့ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်းမှာ မှန်ကန်ကြောင်း၊ သို့သော် တရားဝင် အသိပေးမှုမျိုးကိုတော့ လက်ခံရရှိခြင်း မရှိသေးကြောင်း၊ မြောက်ဦးမြို့နယ်တွင် ပေါ်တာဆွဲသည်ဆိုသော သတင်းများကိုကြား၍ စုံစမ်း မေးမြန်းသူများရှိသော်လည်း ၎င်း သတင်းမှာ မဟုတ်မှန်ဟု သိရကြောင်း ၎င်းက ပြောကြားသည်။







