“မွန်ပါတီ” အမည် ရွေးကော် ခွင့်မပြု

“မွန်ပါတီ” အမည် ရွေးကော် ခွင့်မပြု

ရွေးကောက်ပွဲ ကော်မရှင်က သဘောမတူသည့်အတွက် ပြည်သူများသဘောထားဖြင့် ရွေးချယ်ထားသည့် “မွန်ပါတီ” အစား၊ “မွန်ညီညွတ်ရေးပါတီ” အမည်ဖြင့်သာ တရားဝင်မှတ်ပုံတင်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“မွန်ပါတီ” အမည်အစား အခြားအမည်ပြောင်းလဲပြင်ဆင်ပြီး ပြန်လည်တင်ပြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခေါ်တွေ့ပြီး ပြောဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းလဲမှတ်ပုံတင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

မွန်ပါတီအနေဖြင့် ပါတီတရားဝင်မှတ်ပုံတင်နိုင်ရန် နိုဝင်ဘာ ၂၀ ရက်နေ့က ပါတီပေါင်းစည်းခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားခဲ့ကာ ပါတီအမည်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့က ပါတီခေါင်းဆောင်များကို ခေါ်ယူတွေ့ ဆုံကာ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မွန်ပါတီ” အမည်သည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် သဘောသက်ရောက်နေသည့်အတွက် အခြားသူတို့မှ နောက်ထပ်ပါတီတည်ထောင်မည်ဆိုပါက မွန်ကိုကိုယ်စားမပြုသည့်သဘော သက်ရောက်သွားလိမ့်မည်ဟုဆိုပြီး ယင်းအမည်အစား အခြားအမည်သစ် ပြင်ဆင်ပြောင်းလဲရန် ရွေးကောက်ပွဲကော်မရှင်က ပါတီခေါင်းဆောင်များကို ပြောဆိုခဲ့သည်ဟု သိရသည်။

“မွန်ပါတီအမည်ကို ခွင့်ပြုလိုက်မယ်ဆိုရင် နောက် လူငယ်တွေပဲဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းကပဲဖြစ်ဖြစ် ပါတီတည်ထောင်မယ်ဆိုရင် မွန်တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ပါတီမဟုတ်ဘူး ဖြစ်သွားမယ်၊ ဒါကြောင့် ကော်မရှင် အနေနဲ့ ခွင့်မပြုဘူးလို့ ဆုံးဖြတ်တယ်၊ အမည်ပြောင်းပေးဖို့ ကော်မရှင်က တောင်းဆိုတာပါ” ဟု ပါတီ တွဲဖက် အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

ထိုကြောင့် မွန်ပြည်သူတို့၏ သဘောထားဆန္ဒနှင့် ရွေးချယ်ထားသည့် “မွန်ပါတီ” အမည်အစား မွန်ပြည်သူတို့ကသာ ဒုတိယရွေးချယ်ပေးထားသည့် “မွန်ညီညွတ်ရေးပါတီ” အမည်ဖြင့် တရားဝင်မှတ်ပုံတင်သွားမည်ဟု နိုင်စံတင်က ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ၃ ပါတီတို့ ပေါင်းစည်းထားသည့် ပါတီကို “မွန်ပါတီ” (Mon Party) ဟု အမည်ပေးထားပြီး ပါတီအမည်သစ်ကို စက်တင်ဘာ ၂၁ ရက်နေ့ က မွန်ပြည်သူတို့အား တရားဝင်မိတ်ဆက်ခဲ့သည်။

လက်ရှိတွင် “မွန်ပါတီ” ကို ပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ဦးနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၂၀ ဦးတို့ဖြင့် ဗဟိုကော်မတီဝင် ၁၄၀ ဦး၊ ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဌအဖွဲ့ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့ ၆ ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။

မွန်ပါတီအနေဖြင့် ကျန်ရှိနေသေးသည့် မွန်နိုင်ငံရေး အင်အားစုများ ပါဝင်လာနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ပါတီခေါင်းဆောင်တို့က သဘောတူဆုံးဖြတ်ထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...