ရခိုင်ပြည်နယ်တွင် ၃လကျော်အတွင်း မတော်တဆဖြစ်၍ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၆ ဦးရှိ

ရခိုင်ပြည်နယ်တွင် ၃လကျော်အတွင်း မတော်တဆဖြစ်၍ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၆ ဦးရှိ

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့ထိ မတော်တဆဖြစ်၍ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၆ ဦးရှိကြောင်း သိရှိရသည်။

သေဆုံးသူများမှာ ဘူးသီးတောင်တွင် ၁ ဦး၊ တောင်ကုတ်တွင် ၂ ဦး၊ ပေါက်တောတွင် ၁ဦးနှင့် မောင်တောတွင် ၂ ဦးတို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က အမှတ် (၃) ရပ်ကွက်၊ မြို့နယ် စိုက်ပျိုးရေးရုံးဝင်းအတွင်း လုံခြုံရေးယူနေသော ရဲတပ်သား စိုးငြိမ်းဦးသည် ကိုင်ဆောင်ထားသော BA ၆၃ မောင်းပြန်ရိုင်ဖယ်သေနတ် ထိမှန်သေဆုံးခဲ့သည်။

ဘူးသီးတောင်မြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ကျည်ဆံမှာ မေးစေ့မှ ဦးခေါင်းကို ဖောက်ထွက်သွားခဲ့ပြီး ကင်းစောင့်ရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ မိမိကိုယ်ကို လုပ်ကြံခြင်းလား/ မတော်တဆ ကျည်ပေါက်ထွက်ရာမှ သေဆုံးခြင်းလားဆိုသည်ကို စစ်ဆေးနေကြောင်း ပြောကြားသည်။

သို့သော် အမည်မဖော်လိုသူ ဘူးသီးတောင်မြို့မိ မြို့ဖ တစ်ဦးက ပြောသည်မှာ ၎င်းရဲတပ်ဖွဲ့ဝင်မှာ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်း အခြေစိုက်ရဲတပ်ရင်း(၈) မှ ဖြစ်ပြီး မိမိကိုယ်ကို လုပ်ကြံသွားသည်ဟု ကြားသိရကြောင်း ပြောကြားသည်။

အလားတူ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မရဲစခန်းမှူး သိန်းနိုင်ထွန်း (၄၆)နှစ်ကို ရေတွင်းထဲတွင် ကျပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

တောင်ကုတ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟဇော်က “သတင်းကတော့ မှန်တယ်လို့သိရတယ်။ဒါပေမယ့် ဖြစ်စဉ်အတိအကျကိုတော့ မသိရသေးဘူး။ ရေထဲတွင်းထဲမှ သေဆုံးနေတာတွေ့ခဲ့ရပါတယ်”ဟု နိရဉ္စရာသို့ပြောသည်။

ရန်ကုန်အခြေစိုက် 7 day News သတင်းတွင် ၎င်းရဲစခန်းမှူးမှာ ရေတွင်းခုန်ချပြီး လုပ်ကြံသေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၂၈ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်တွင် သစ်သွားဖမ်းသည့် ရဲတပ်ဖွဲ့ဝင် တပ်ကြပ် တစ်ဦး ရေထဲပြုတ်ကျသေဆုံးခဲ့သည်။

သေဆုံးသွားသူမှာ တပ်ကြပ် မျိုးမင်းအေးဖြစ်ပြီး သူ၏ အလောင်းအား အောက်တိုဘာ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် အခင်းဖြစ်ရာချောင်းအတွင်းမှ သေနတ်၊ အီကွေမင်းများနှင့် အတူ ဆယ်ယူရရှိခဲ့သည်။

၎င်းဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ် တောင်ရွာကျေးရွာအုပ်စု၊ ဓါးမကျကျေးရွာ၏ တောင်ဖက် (၁၀)မိုင်ခန့် အကွာ ဓါးမကျဆည်တွင် သစ်သွားဖမ်းရာမှ ကျေးရွာသားများနှင့် အခင်း ဖြစ်ပွားခဲ့ပြီး စက်လှေပေါ် ပြန်တက်စဉ် ရေထဲပြုတ်ကျ သေဆုံးသွားခဲ့သည်ဟု သက်ဆိုင်ရာက ပြောဆိုသည်။

၎င်းတပ်ကြပ်သေဆုံးမှုနှင့် ပတ်သက်ပြီးလည်း သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့သော်လည်း နိရဉ္စရာ သတင်းဌာန အနေဖြင့် ဖြစ်စဉ် အသေးစိတ်ကို ဖော်ထုတ်နိုင်ခြင်း မရှိပါ။

အလားတူ ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနယ်စပ် ကြိမ်ချောင်းစခန်းတွင် အောက်တိုဘာ ၂၆ ရက် နံနက်က နယ်ခြားစောင့်တပ်ဖွဲ့အချင်းချင်း ပတ်ခတ်မှုဖြစ်၍ တစ်ဦးသေဆုံးသွားခဲ့သည်။ သေဆုံးသူမှာ ရဲတပ်သားထင်လင်းအောင်ဖြစ်ပြီး ပစ်ခတ်သူမှာ ရဲတပ်သား ခင်မောင်နု ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးမှာ ကင်းအလဲအလှယ် လုပ်စဉ် စကားများကြပြီး ရဲတပ်သား ခင်မောင်နုက ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ရဲတပ်သား ထင်လင်းအောင်မှာ ဒဏ်ရာရရှိသွားကာ သွေးထွက်လွန်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ သေနတ်ဖြင့် ပစ်ခတ်သူ ခင်မောင်နုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အောက်တိုဘာ ၁၁ နံနက် ၈ နာရီခန့်ကလည်း ရခိုင်ပြည်နယ် ပေါက်တောမြို့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ် သေဆုံးသွားခဲ့သည်။

ပစ်ခတ်သေဆုံးသွားသူမှာ ရဲတပ်သား အောင်မြင့်သိန်း (၂၃)နှစ်ဖြစ်ကြောင်း ပေါက်တောရဲစခန်းမှ အတည်ပြု ပြောကြားသည်။

“ရဲစခန်းထဲ အရင်တုန်းက အချုပ်ခန်းပေါ့၊ နှစ်ထပ်ဆောင်၊ အဲ့ဒီမှာ လူပျိုဆောင် ရှိတယ်။ အပေါ်ထပ်မှာ လူပျိုတွေနေကြတယ်။ အဲ့ဒီမှာ ဖြစ်တာလို့ ပြောတယ်”ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ရဲတပ်သားကို ဆေးရုံသို့ပို့ပြီး ရင်ခွဲစမ်းသပ်မှုပြုလုပ်ခဲ့ပြီး၊ ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

“ကိုယ့်ဟာကိုယ် ပစ်ခတ်သေဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်က ခရီးလွန်နေတော့ အသေးစိတ်ကိုတော့ ပြောပြလို့ မရနိုင်ပါဘူး”ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဗလချောင်းဝကင်းစခန်းတွင် ကင်းစခန်းအတွင်း ဒုရဲတပ်ကြပ်တစ်ဦးမှ ၎င်းကိုင်ဆောင်သည့် BA 94 သေနတ်အား ဖြုတ်ချွတ်တိုက်၍ ကျည်အိမ်ပြန်တပ်စဉ် ကျည်မတော်တဆထွက်၍ အနီးအနားရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ထိမှန် သေဆုံးသွားခဲ့သည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...