ကျိုက်သလ္လံစေတီရှိ ဓာတ်လှေခါးနှစ်စင်း အသစ်လဲလှယ်မည်

ကျိုက်သလ္လံစေတီရှိ ဓာတ်လှေခါးနှစ်စင်း အသစ်လဲလှယ်မည်

မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော် အနောက်ဘက်မုခ်၌ တပ်ဆင်ထားသော နှစ်သုံးဆယ် သက်တမ်းရှိ ဓာတ်လှေကား ၂ စင်းကို အသစ်လဲလှယ် တပ်ဆင်မည်ဟု စေတီဘဏ္ဍာထိန်း ဦးမင်းဝင်းလှက ပြောသည်။

ယင်းတို့မှာ အဆင်သင့်ဖြစ်နေပြီး တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်များပြီးသည်နှင့် စတင်တပ်ဆင်မည်ဖြစ်ပြီး အချိန် တစ်လခန့်ကြာမြင့်မည်ဟု ၎င်းကပြောသည်။

“ဓာတ်လှေကားက ဘုရားပေါ်မှာ ရောက်နေပြီ။ ဒါပေမယ့် တပ်ဖို့ကတော့ ပွဲတော်နဲ့ မမီမှာစိုးလို့ ဘုရားပွဲပြီးမှ လုပ်ငန်းစတင်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။

တစ်စင်းလျှင် ငွေကျပ် ၃၇၇ သိန်းတန်ဖိုးရှိ Schindler အမျိုးအစား ဓာတ်လှေကား ၂ စင်း ကို ရန်ကုန်မြို့နေ ဦးကျော်ငြိမ်းနှင့် ဒေါ်ကြွယ်ကြွယ် မိသားစုက လှူဒါန်းပေးထားကြောင်း ဦးမင်းဝင်းလှကဆိုသည်။

“အနောက်ဘက်မုခ်က ကားပါကင်ကျယ်ပေမယ့် ဓာတ်လှေကားမကောင်းတော့ ဘုရားဖူးတွေအတွက် အဆင်မပြေဘူး။ ဓာတ်လှေကားပြီးသွားရင်တော့ ဘုရားဖူးတွေ အဆင်ပြေပြေ တက်ဆင်းလို့ရပြီ” ဟု ၎င်းကပြောသည်။

မော်လမြိုင်မြို့ခံတစ်ဦးဖြစ်သူ ဦးကြည်ဇော်လွင်က ဓာတ်လှေကားအဟောင်းနှင့်စာလျှင် အသစ်မှာ ဘုရားဖူးများအတွက် လုံခြုံမှုပိုရှိသော်လည်း အဟောင်းကို ပုံမပျက်ဘဲ ခေတ်ပေါ်နည်းပညာဖြင့် လုံခြုံစိတ်ချရသည့် အနေအထားရောက်အောင် လုပ်ဆောင်နိုင်လျှင် လူအများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းပစ္စည်း ဖြစ်လာနိုင်သည်ဟု သုံးသပ်သည်။

“မည်သူမဆို မျှတတဲ့ ဝန်ဆောင်မှုကို ရနိုင်ရင်ပိုကောင်းတာပေါ့။ လူမပြည့်လို့ မဖွင့်ပေးတာမျိုး မလုပ်ဘဲနဲ့ တစ်ယောက်ပဲတက်တက် နှစ်ယောက်ပဲတက်တက် တန်းတူညီတူ ဝန်ဆောင်မှုပေးနိုင်ရင်ပိုကောင်းတယ်” ဟု ၎င်းကပြောသည်။

ကျိုက်သလ္လံစေတီ၌ အရှေ့ဘက်နှင့် အနောက်ဘက်မုခ်တို့တွင် ဓာတ်လှေကား ၂ စင်းစီရှိပြီး အနောက်ဘက်မုခ် ဓာတ်လှေကား ၂ စင်းမှာ နှစ် ၃၀ ကျော် ကြာမြင့်နေပြီဟု ဦးမင်းဝင်းလှကပြောသည်။