ဝိုင်းမော်-ချီဖွေလမ်းဆောက်လုပ်မှု မပြီးသေးသော်လည်း ခင်းထားသည့် လမ်းများ ပျက်စီးလာ

ဝိုင်းမော်-ချီဖွေလမ်းဆောက်လုပ်မှု မပြီးသေးသော်လည်း ခင်းထားသည့် လမ်းများ ပျက်စီးလာ

ဝိုင်းမော်-ချီဖွေလမ်း လမ်းခင်းသည့် စီမံကိန်းမပြီးခင် မန်ဝိန်ကျေးရွာအောက်အထိ ခင်းထားသည့် လမ်းများမှာ ပျက်စီးလာနေကြောင်း ဒေသခံများထံမှ သိရသည်။

"လမ်းလုပ်တာ မကြာသေးဘူး လမ်းတွေကမန်ဝိန်းအောက် တစ်လျှောက်လမ်းပြန်ပျက်နေပြီ ကတ္တရာတွေက ပြန်အက် ပြန်ကွဲထွက်နေပြီ တရုတ်ငှက်ပျောကားတွေကြောင့်လည်းပါတယ်။ ပြီးတော့ လမ်းခင်းထားတဲ့ ပုံစံကလည်း အရည်အသွေး မကောင်းဘူး လမ်းကြိတ်စက်တွေက သေချာလည်း မကြိတ်ကြတော့ ခင်းထားတဲ့ကျောက်စရစ်တွေက ကားတွေ ဆိုင်ကယ်တွေ သွားဖန်များရင် ဘေး ကို ရွေ့ကုန်တယ်။ ကျနော်တို့ဒေသခံတွေ အနေနဲ့တော့ ဒါကိုသက်ဆိုင်ရာကနေ အမြန်ဆုံးပြန်စီစစ်ပေးစေချင်တယ်" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

ဝိုင်းမော်မှ Magram Yang (မဂရမ်ယန်) အထိ ယခုနှစ် မတ်လမှာ ပြီးစီးအောင် ခင်းထားပြီ ဖြစ်ကြောင်း ကုမ္မဏီမှ ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ဆနီခူးအထိ မိုင် ၄၀ ခန့်သာပြီးသေးကြောင်း ဒေသခံများ ထံမှ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး လမ်းခင်းရန် အဆိုကိုတင်သွင်းခဲ့သည့် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦး Naw Li (နော်လီ) အား မေးမြန်းရာ "ခုအစိုးရလက်ထက်မှာ ဒီလမ်းဆောက်လုပ်တဲ့ ကုမ္မဏီတွေ အနေနဲ့ ပျက်လာရင်ပြန်ပြင်ပေးဖို့ ပြည်ထောင်စုဝန်ကြီးကပြောတာပေါ့နော်။ ဒါပေမယ့် ခုသက်တမ်းအနည်းဆုံး(၃)နှစ် ချုပ်ဆိုထားတာ သူတို့ဆီမှာ ရှိတယ်။ ကြီးကြပ်တဲ့အပိုင်းတော့ အစိုးရဘက်က အနည်းငယ်အားနည်းနေတာပေါ့နော်။ ကျနော်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့တော့ ကျနော်တို့က ပြည်သူ့ကိုယ်စားဖြစ်တဲ့တွက် အလုပ်ပိုင်းမှာ ထိန်းချုပ်လို့ရပေမယ့် ဝင်ရောက်စွပ်ဖက်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။

ဝိုင်းမော်-ချီဖွေလမ်းသည် ယခင် အင်္ဂလိပ်တို့ လက်ထက်တွင် ခင်းထားခဲ့သည့် လမ်းဖြစ်ပြီး နှစ် ၁၀၀ ကျော် နေပြီဖြစ်သည်။

အစိုးရလက်ထက် အဆင့်ဆင့်တွင်လည်း ပြင်ထိန်းအဖြစ်သာ ပြုလုပ် သွားလာနေကြသည့် အတွက် လက်ရှိအစိုးရလက်ထက်တွင် လမ်းခင်းပေးရန် ဝိုင်းမော်မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကို်ယ်စားလှယ် ဦး Naw Li အဆိုတင်သွင်းသည့်အပေါ် လွှတ်တော်မှ အဆိုကို်အတည်ပြုပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်မှ စတင်ကာ လမ်းခင်းသည့် စီမံကိန်းကို စခဲ့ကြကြောင်း သိရသည်။

သို့သော် လက်ရှိချိန်တွင် လမ်းခင်းသည့် စီမံကိန်းကို သက်ဆိုင်ရာ အစိုးရဌာနမှ ကြည့်ရှုစစ်ဆေးခြင်း မရှိသလို တရုတ်ငှက်ပျောကားများ၏ လမ်းနှင့်မမျှသော အလေးချိန်ရှိသည့် ကားများဖြတ်ကျော်မူကြောင့် လမ်းများ ပျက်စပြုလာနေကြောင်းသိရသည်။

ယခု ကိစ္စနှင့် ပတ်သက်ပြီး ကချင်သတင်းဌာန (KNG)မှ ဝိုင်းမော်မြို့နယ် လမ်းဦးစီးဌာနတာဝန်ရှိသူများ အား မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...