မယ်လဦး ကရင် ဒုက္ခသည်စခန်း မိုးကြီး မြေပြို၊ တစ်ဦးသေ ၇ ဦးပျောက်

မယ်လဦး ကရင် ဒုက္ခသည်စခန်း မိုးကြီး မြေပြို၊ တစ်ဦးသေ ၇ ဦးပျောက်

ထိုင်း မြန်မာနယ်စပ်မှ မယ်လဦး ကရင် ဒုက္ခသည်စခန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခန့်က မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများ ရုတ်တရက်စီးဆင်းကာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သေပျောက်သူနဲ့ ဒဏ်ရာရသူ များ ရှိခဲ့သည်ဟု သိရသည်။

တောင်ကျရေရုတ်တရက်စီးဆင်းလာမှုကြောင့် မယ်လအူးစခန်းအတွင်းရှိ ရပ်ကွက် ၁ တွင် နေထိုင်ကြသော ဒုက္ခသည်များ ပျောက်ဆုံး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ မယ်စရီးယန်းမြို့ရှိ ကရင်ဒုက္ခသည်ကော်မတီ KRC ရုံးမှ တာဝန်ရှိသူ စောပွေဒို မှ ယခုလို ပြောသည်။

"လူက ၈ ယောက် ပျောက်သွားတယ်၊ [စက်တင်ဘာလ ၁၆ ရက်နေ့ ည] ညတုန်းက ပျောက်သွားတယ် အခုထိ ရှာလို့မတွေ့သေးဘူး အလောင်းက တလောင်းပဲပြန်တွေ့သေးတယ်၊ ဒဏ်ရာရတာ ရှိတယ်၊ အားလုံး ၁၄ ယောက်ရှိတယ်၊ ဒါပေမယ့် ဒဏ်ရာ အပြင်းအထန်ရတဲ့လူက ဒီမှာ မယ့်စရီးယန်းမှာ ပို့လာတယ်၊ ၆ ယောက်၊ ၃ ယောက်က တော်တော်လေး နာတယ်၊ပို့လာတဲ့အထဲလေ ၆ ယောက်က ၃ ယောက်က နည်းနည်းပြင်းတယ်လို့ ပြောတယ်၊ မယ်ဟောင်ဆောင်မှာ ပို့သွားပြီး ကျနော်လည်း မသွားတွေ့ဘူး၊"

ဒဏ်ရာရရှိသူ ၁၄ ယောက်ထဲမှ ဒဏ်ရာမပြင်းထန်သူများကို ဒုက္ခသည်စခန်းတွင်းရှိ ဆေးပေးခန်းတွင် ကုသမှုများပေးနေပြီး ဒဏ်ရာပြင်းထန်သည့် ၆ ယောက်ကို မယ်ဟောင်ဆောင်မြို့နယ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားသော်လည်း အဲ့ဒီ ၆ ယောက်ထဲမှ ၃ ဦးသည် ဒဏ်ရာပြင်းထန်းလွန်းသည့်အတွက် အသက်အန္တရယ်နှင့် စိုးရိမ်ရကြောင်း စောပွေဒို မှ ဆက်ပြောသည်။

မယ်လဦးဒုက္ခသည်စခန်းအတွင်း တောင်ကျရေရုတ်တရက်စီးဆင်းလာခဲ့မှုနှင့် ပတ်သက်၍လည်း စောပွေဒို မှ "ဖြစ်ပုံကတော့ မိုးရွာတယ်၊ မိုးရွာပြီးတော့ ချောင်းဖျားကရေတွေ စုပြီး တတန်းထဲ ပြိုလာတယ်လေ အဲလို မြေရော ဘာရော ကျောက်တုံး ကျောက်ခဲတွေ ဘာတွေ ပြုတ်ကျလာတယ် အဲ့လို ချောင်းမှာရှိတဲ့ အိမ်အားလုံး က ပါသွားတယ်၊ တချို့က သဲထဲမှာ မြေထဲမှာ မြုပ်သွားတယ်၊ တချို့က ချောင်းကြီးထဲမှာ ပါသွားတယ်၊ အိမ်က ၉ လုံး၊ ဘုရားကျောင်း ၂ လုံး ၊ ပြီးတော့ NGO ရုံးက ၃ လုံး၊" ရှိသည်ဟု စောပွေဒို မှ ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) မနက်ပိုင်းတွင် မယ်လဦးဒုက္ခသည်စခန်းတွင်းသို့ မယ်စရီယန်းမြို့ရှိ ထိုင်းအာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် အစားအသောက်အကူအညီပေးရေးအဖွဲ့များ သွားရောက် ကြည့်ရှု့ကူညီခဲ့ကြသည်ဟု သိရသည်။

သို့သော် ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒုက္ခသည်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသေးသည်ဟု စောပွေဒိုမှ "အခုတော့ အလောင်းကို ရှာနေစဲ ပေါ့ ကယ်ဆယ်ရေးအဖွဲ့တွေ အများကြီးသွားနေတယ်လေ အမိုးအကာတွေ အစားအစာတွေ ယူသွားပါတယ်၊ မြို့နယ် ခရိုင်အဖွဲ့ကလူတွေ၊ အရေးပေါ်လိုအပ်တာတွေရှိတယ်။ တချို့အိမ်က ဘာမှ မရှိတော့ပဲ၊ ဆန်ကနေ အဝတ်အစားတွေအထိပေါ့၊ အိုးခွက်တွေ ဘာမှ မရှိတော့ဘူး အဲ့လိုမျိုးရှိတယ်၊ လိုတယ်။ "ဟု ပြောဆိုသည်။

မယ်လဦး ဒုက္ခသည်စခန်းတွင်း၌  မြေပြိုမှုဖြစ်ခြင်း၊ ကျောက်ခဲများကျလာခြင်း စသည့် အဖြစ်အပျက်များ နှစ်စဉ်ကြုံတွေရမှု ရှိခဲ့သော်လည်း အခုတစ်ကြိမ် ဖြစ်ပွားမှုမျိုး အသက်အန္တရယ်ကြုံရတဲ့အထိ ဖြစ်ပွားခဲ့မှု မရှိကြောင်းလည်း စောပွေဒို မှ ပြောသည်။

မယ်လဦးဒုက္ခသည်စခန်းသည် ထိုင်းမြန်မာနယ်စပ် မယ့်စရီယန်းမြို့အနီးတွင်တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် ကရင်စစ်ဘေးဒုက္ခသည်များ ခိုလုံနေထိုင်ရန် ဖွင့်လှစ်ထားသည့် ဒုက္ခသည် ၁၅၀၀၀ ကျော်နေထိုင်သော ကရင်ဒုက္ခသည်စခန်းတစ်ခု ဖြစ်သည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...