သျှမ်း(ရှမ်း)ပြည်တောင်ပိုင်းလင်းခေးမြို့အားဖြတ်သန်းစီးဆင်းသော နမ့်တိန်းချောင်းရေကြီးရာ ဒေသခံရွာသား သားအဖ လှေမှောက်ပြီး ဖခင်ဖြစ်သူရေနှင့်မျောပါသေဆုံးကြောင်းသိရသည်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၄ ရက် ၂၀၁၈ နမ့်တိန်းချောင်းရေကြီးနေသော်လည်း လင်းခေး စျေးနေ့ဖြစ်သဖြင့် ချောင်းတဖက်ကမ်း ဟိုတိကျေးရွာနေ သားအဖ ၂ ဦး စျေးသုံးပြီးအပြန် လှေမှောက်ရာ ဖခင်ဖြစ်သူ ရေနစ်သဆုံးခဲ့ခြင်းဖြစ်ကြောင်း လင်းခေးဒေသခံ နန်းနု ကပြောသည်။
"အဖေဖြစ်သူက အိုက်လောင် တဲ့ သမီးလေးက ၇ နှစ်ကျော်ကျော်အရွယ်လောက်ရှိမယ်။ ချောင်းရဲ့ဟိုဘက်ကမ်း ဟိုတိရွာက ရွာသား။ မြို့စျေးလာသုံးပြီးအပြန် လှေမှောက်တာ။ သူ့သမီးကိုတော့ ကယ်နိုင်ခဲ့တယ်။ အိုင်လောင်တော့ ရေနဲ့မျောပါသွားပြီး နစ်သွားတယ်။အလောင်းမတွေ့သေးဘူး- "ဟု စျေးသည် တဦးဖြစ်သည့် နန်းနု ကပြောသည်။
မိုင်းကိုင်မြို့နယ်တွင်မြစ်ဖျားခံ စီးဆင်းသည့်တိန်းချောင်းရေသည် မိုင်းကိုင် ခိုလမ်၊ ကျိုင်းတောင်း၊ လင်းခေး၊ ထိုမှတဆင့် နားကုန်း ဝမ့်ဟတ်သို့စီးဆင်းကာ တာ့ဆွတ်တိန်းအရပ်တွင် သံလွင်မြစ်ထဲသို့စီးဝင်သည်။
ချောင်းဦးပိုင်းအပါအဝင် လင်းခေးမြို့တွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် ယမန်နေ့မနက် ချောင်းရေတရိပ်ရိပ်တက်လာခြင်းဖြစ်ကြောင်း မြို့ခံ နန်းလောင် ကလည်းပြောသည်။
"ဒီညနေအထိရေက တရိပ်ရိပ်တက်နေတုန်းဘဲ။ မြစ်ကမ်းဘေးမှာနေသူတွေတော့ ဘေးလွတ်ရာကို ပစ္စည်းတွေဘာတွေသယ်နေကြပြီ။ တညလုံးမိုးဆက်ရွာရင်တော့ ချောင်းရေထပ်တက်မယ့်အခြေအနေမှာရှိပါတယ်။ "- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
နမ့်တိန်းချောင်းရေသည် ၂၀၀၄ ခုနှစ်က ချောင်းရေလျှံကာ စံချိန်တင် ရွာများအတွင်း ရေဝင်ခဲ့ဖူးသည် ။







