နမ့်တိန်းချောင်းရေတက် လင်းခေးဒေသခံသားအဖလှေမှောက် ဖခင်ဖြစ်သူ ရေနှင့်မျောပါသေဆုံး

နမ့်တိန်းချောင်းရေတက် လင်းခေးဒေသခံသားအဖလှေမှောက် ဖခင်ဖြစ်သူ ရေနှင့်မျောပါသေဆုံး
by -
ဟွမ်ဟိန်း

သျှမ်း(ရှမ်း)ပြည်တောင်ပိုင်းလင်းခေးမြို့အားဖြတ်သန်းစီးဆင်းသော နမ့်တိန်းချောင်းရေကြီးရာ ဒေသခံရွာသား သားအဖ လှေမှောက်ပြီး ဖခင်ဖြစ်သူရေနှင့်မျောပါသေဆုံးကြောင်းသိရသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၄ ရက် ၂၀၁၈ နမ့်တိန်းချောင်းရေကြီးနေသော်လည်း လင်းခေး စျေးနေ့ဖြစ်သဖြင့် ချောင်းတဖက်ကမ်း ဟိုတိကျေးရွာနေ သားအဖ ၂ ဦး စျေးသုံးပြီးအပြန် လှေမှောက်ရာ ဖခင်ဖြစ်သူ ရေနစ်သဆုံးခဲ့ခြင်းဖြစ်ကြောင်း လင်းခေးဒေသခံ နန်းနု ကပြောသည်။

"အဖေဖြစ်သူက အိုက်လောင် တဲ့ သမီးလေးက ၇ နှစ်ကျော်ကျော်အရွယ်လောက်ရှိမယ်။ ချောင်းရဲ့ဟိုဘက်ကမ်း ဟိုတိရွာက ရွာသား။ မြို့စျေးလာသုံးပြီးအပြန် လှေမှောက်တာ။ သူ့သမီးကိုတော့ ကယ်နိုင်ခဲ့တယ်။ အိုင်လောင်တော့ ရေနဲ့မျောပါသွားပြီး နစ်သွားတယ်။အလောင်းမတွေ့သေးဘူး- "ဟု စျေးသည် တဦးဖြစ်သည့် နန်းနု ကပြောသည်။

မိုင်းကိုင်မြို့နယ်တွင်မြစ်ဖျားခံ စီးဆင်းသည့်တိန်းချောင်းရေသည် မိုင်းကိုင် ခိုလမ်၊ ကျိုင်းတောင်း၊ လင်းခေး၊ ထိုမှတဆင့် နားကုန်း ဝမ့်ဟတ်သို့စီးဆင်းကာ တာ့ဆွတ်တိန်းအရပ်တွင် သံလွင်မြစ်ထဲသို့စီးဝင်သည်။

ချောင်းဦးပိုင်းအပါအဝင် လင်းခေးမြို့တွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် ယမန်နေ့မနက် ချောင်းရေတရိပ်ရိပ်တက်လာခြင်းဖြစ်ကြောင်း မြို့ခံ နန်းလောင် ကလည်းပြောသည်။

"ဒီညနေအထိရေက တရိပ်ရိပ်တက်နေတုန်းဘဲ။ မြစ်ကမ်းဘေးမှာနေသူတွေတော့ ဘေးလွတ်ရာကို ပစ္စည်းတွေဘာတွေသယ်နေကြပြီ။ တညလုံးမိုးဆက်ရွာရင်တော့ ချောင်းရေထပ်တက်မယ့်အခြေအနေမှာရှိပါတယ်။ "- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်တိန်းချောင်းရေသည် ၂၀၀၄ ခုနှစ်က ချောင်းရေလျှံကာ စံချိန်တင် ရွာများအတွင်း ရေဝင်ခဲ့ဖူးသည် ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...