ရိုက်တာ သတင်းထောက် ၂ ဦးအား ထောင် ၇ နှစ်စီချ

ရိုက်တာ သတင်းထောက် ၂ ဦးအား ထောင် ၇ နှစ်စီချ

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပေဒ ချိုးဖောက်မှုဖြင့် တရားရင်ဆိုင်နေရသည့် Reuters သတင်းထောက် နှစ်ဦးအား စက်တင်ဘာလ ၃ ရက်နေ့ (ယနေ့)တွင် ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်။

Reuters သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့စီရင်ချက်နဲ့ ပတ်သက်ပြီးတော့ အင်မတန်မှ စိတ်ပျက်စရာကောင်းပါတယ်။ ဒီဟာက လက်ရှိ ကျနော်တို့ ဒီမိုကရေစီကို သွားနေတယ်လို့ပြောတဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ နောက်တစ်ခါ လွတ်လပ်စွာ ထုတ်ဖော်မှု၊ ဥပဒေစိုးမိုးရေး ဆိုင်ရာအခြေအနေတွေက ဆိုးရွားနေပြီဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က စီရင်ချက် ချအပြီး သတင်းထောက်များအား ဖြေကြားခဲ့သည်။ “ဒီ အမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ဘယ်သူမှ အကျိုးအမြတ်မရပါဘူး။ အားလုံး နစ်နာဆုံးရှုံးမှုရှိပါတယ်။ ဒီအတွက်လည်း သင်ခန်းစာတစ်ခုတော့ယူမယ်ဆိုတော့ သင်ခန်းစာတစ်ခုတော့ ယူလို့ရတယ်”

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး အယူခံဝင်သွားမှာဖြစ်ပြီး ဘက်ပေါင်းစုံမှ ကြိုးပမ်းသွားမည်ဟု သတင်းထောက်များ၏ ရှေ့နေက ပြောသည်။

အဆိုပါ သတင်းထောက်နှစ်ဦးအား နိုင်ငံတော် အစိုုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

ယနေ့ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် ဥပဒေကြောင်းအရ အမှုသွားအမှုလာအရ အပြစ်ပေးခြင်းဆိုသည်ထက် ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများကဲ့သို့ အခြားသော ဒေသများရှိ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများနှင့် ပတ်သက်သည့် သတင်းများအား မဖော်ထုတ်ရဲအောင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာသမားများက ထောက်ပြသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်(MJN) အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က “ဒီလို ကိစ္စမျိုးတွေကို သတင်း လိုက်လို့ဒီလိုကိစ္စမျိုးတွေကို ဖော်ထုတ်ဖိုု့ ကြိုးစားလိုု့ အရေးယူပြီးတော့ အပြစ်ရအောင် လုပ်တဲ့ဟာမျိုးက ထင် ရှားတာကိုး။ အမှုသွားအမှုလာမှာ လျှို့ဝှက်ချက် စာရွက်စာတမ်းတွေရအောင် ကြိုးစားတာမျိုးလည်း မပေါ်လွင် ဘူး။ နောက်တစ်ခုက သူတို့လက်ဝယ်ရှိတဲ့ဟာကလည်း နိုင်ငံလျှို့ဝှက်ချက်လို့ ယူဆလောက်တဲ့ဟာ မတွေ့ရပဲနဲ့ ဒီလောက် ပြစ်ဒဏ် (၇) နှစ် ချတယ်ဆိုတဲ့ဟာကတော့ ဒီအကြောင်းအရာကို မလိုက်အောင် မရေးသားအောင် လက်ရှောင်အောင်လုပ်တဲ့ ရည်ရွယ်ချက်လို့ပဲ” ဟု ပြောသည်။

Reuters သတင်းဌာနမှ သတင်းထောက် နှစ်ဦးသည် ရဲတပ်ဖွဲ့ဝင်များဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ ဆုံခဲ့စဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရန်ကုန်မြို့ ၊ ထောက်ကြန့်နယ်မြေရစခန်းမှာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးအား ၂၀၁၈ ခုုနှစ် ဇူလိုုင်လ ၈ ရက်နေ့က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်ရန် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုုံးက ဆုံးဖြတ်ချက်ချကာ ယနေ့တွင် ပြစ်ဒဏ် (၇) နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

 

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...