တပ်မတော်နှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ်တို့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း

တပ်မတော်နှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ်တို့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း

အစိုးရ တပ်မတော် နှင့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့တို့ ယခုရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးရန် မူလက သဘောတူ ထားသော်လည်း တွေ့ဆုံဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲ အခြေအနေနဲ့ ပတ်သက်ပြီး မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက“အရင်တုန်းကတော့ အဲဒါ ဒီနေ့တွေ့ဖို့ ပြောထားတာတော့ ကျနော်ကြားရပါတယ်။ ဒါပေမယ့် အခုထက်ထိ တွေ့ဆုံမယ့်အကြောင်းတွေ ဘာမှတရားဝင် မကြားရတဲ့ အခါကျတော့ ရက်တွေ ဘာတွေများ ရွေ့ပြောင်းလိုက်ပြီ လားပေါ့နော။” ဟုပြောသည်။

ဆက်လက်ပြီးသူက “တွေ့ဆုံမှု မဖြစ်တာကတော့ အဓိကကတော့ တပ်မတော်ပဲ ဖြစ်မှာပေါ့။ တိုင်းရင်းသားဖက်ကတော့ ဖြစ်ပုံမရှိဘူး။” ဟု ဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။ မည်သည့် အကြောင်းကြောင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နိုင်ခြင်း မရှိသည်ကို မသိရပါ။

မြောက်ပိုင်း စစ်ရေးမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအာန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကလည်း “မူလကတည်းက သူတို့က တွေ့ချင်တယ်။ တွေ့မယ်လို့တော့ ၂ ဖက်က ဆန္ဒရှိတာပေါ့။ ဒါပေမယ့် ရက်ကကျတော့ မညှိရသေးဘူး အဲလိုမျိုး ကျနော်တို့ကို ကမ်းလှမ်းတာ ရက်ချိန်းပေးထားတာ မရှိသေးဘူး။ ၂ ဖက်ကတော့ တွေ့ချင်တယ်ပေါ့နော အဲလိုမျိုး ပုံစံတော့ရှိတယ်။ ပျက်တယ်လို့တော့ မဟုတ်ပါဘူး” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြောက်ပိုင်းစစ်ရေးမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်သည့် အဖွဲ့တို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် တာ့လီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတွေ့ဆုံမှုအတွင်း တပ်မတော်ဖက်မှ KIO အား ဒို့တာဝန်အရေးသုံးပါးကို လက်ခံမှသာ ဆက်လက်ဆွေနွေးမည်ဟု ပြောဆိုမှုများကြောင့် ဆွေးနွေးပွဲရပ်ဆိုင်းသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့တွင် တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာနိုင်ငံ အမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA/ ကိုးကန့်တပ်ဖွဲ့) တို့ ပါဝင်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...