ကွယ်လွန်သွားပြီ ဖြစ်သော ရခိုင်တော်လှန်ရေးခေါင်းဆောင် မောင်ကျော်လှိုင််နှင့် ပတ်သက်ပြီး ရခိုင်လှမြင့် စီစဉ်သည့် “ ကျွန်တော်သိသော ရခိုင်တော်လှန်ရေး ခေါင်းဆောင် မောင်ကျော်လှိုင််” စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။
ဤစာအုပ်သည် ဦးမောင်ကျော်လှိုင်၏ အထုပတ္တိကို ရေးသားထားသော စာအုပ်မဟုတ်ဘဲ သူ့အကြောင်းကို သူ၏ လုပ်ဖော်ကိုင်ဘက်များ၊ သူနှင့်ရင်းနှီးကျွမ်းဝင်သူ ၂၇ ဦးက ရှုထောင့် အမျိုးမျိုးမှ ပုံဖော် ရေးသားထားကြသည့် ဆောင်းပါးများကို စုစည်း၍ ထုတ်ဝေထားသော စာအုပ် ဖြစ်သည်။
ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဦးမောင်ကျော်လိူင်သည် ဦးထွန်းရွှေမောင်၊ ဆရာ စံကျော်ထွန်း တို့နှင့် အတူ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ ( Arakan Independence Organization) ကို ၁၉၇၀ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကချင်လွတ်ရေးအဖွဲ့ (KIO) နယ်မြေ၌ စတင် တည်ထောင်စဉ်ကတည်းက တတိယ ခေါင်းဆောင် တစ်ဦးအနေဖြင့် ပါဝင်ခဲ့ပြီး ဒုအတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။
၁၉၈၀ မှ ၁၉၈၆ ခုနှစ်ထိ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ (AIO) ၏ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။
ဦးမောင်ကျော်လှိုင်သည် ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ BA ဘွဲ့ကို မြန်မာစာ အဓိကဖြင့် အောင်မြင်ခဲ့ပြီး အင်္ဂလိပ်၊ ထိုင်းဘာသာစကားတို့ကို ကောင်းမွန်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။
ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် ရခိုင် တောတွင်းလက်နက်ကိုင် အဖွဲ့များ၏ အခြေအနေများ၊ ညီညွတ်ရေး တည်ဆောက်ခဲ့ကြသည့် အနေအထားများ၊ အမျိုးသား ညီညွတ်ရေး ကို အစပျိုး တည်ဆောက်ခဲ့သည့် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ဦး၏ အခြေအနေများ၊ တိုင်းရင်းသား မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရခိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဆက်နွယ် ပတ်သက်မှုများကို တစ်စုံတစ်ရာ သိရှိနိုင်မည် ဖြစ်သည်။
ဦးမောင်ကျော်လှိုင်သည် ၁၉၇၀ မှ ၁၉၉၀ ခုနှစ်ထိ နှစ်ပေါင်း ၂၀ ခန့် ရခိုင် လက်နက်ကိုင် တော်လှန်ရေး ခရီးကြမ်းတွင် သူ၏ ယုံကြည်ချက်အတိုင်း မမှိတ်မသုန် ပါဝင်ခဲ့သူ ဖြစ်သည်။
ဦးမောင်ကျော်လှိုင် ယုံကြည် ကိုင်စွဲခဲ့သော နိုင်ငံရေး သဘောတရား တစ်ရပ်မှာ “ အမျိုးသား ညီညွတ်ရေး မရှိဘဲ အမျိုးသားအောင်ပွဲကို မရနိုင်” ဆိုသည့် သဘောတရားဖြစ်ပြီး သူ၏ ယုံကြည်ချက်အတိုင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရခိုင်ပြည် လွတ်လပ်ရေးအဖွဲ့(AIO) တို့၏ ညီညွတ်ပေါင်းစည်းရေး၊ ထိုမှ တစ်ဆင့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ ( ရမလပ)၊ တိုင်းရင်းသားလူနည်းစုပါတီ ( TNP) တို့၏ ညီညွတ်ရေး၊ ယင်းမှ တစ်ဆင့် ရခိုင်လက်နက် အဖွဲ့အစည်းများ အားလုံးပါဝင်သော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည့် ရခိုင်အမျိုးသား ညီညွတ်ရေး တပ်ဦး ( NUFA) ကို တည်ဆောက်ရေးတို့တွင် ထိပ်တန်းမှ ပါဝင်ခဲ့သူ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။
“ အမျိုးသားညီညွတ်ရေးမှ အမျိုးသားအောင်ပွဲသို့ တက်လှမ်းကြလော့” ဆိုသည့် ဆောင်ပုဒ်မှာ ဦးမောင်ကျော်လှိုင် ကိုင်စွဲခဲ့သော ဆောင်ပုဒ်ဖြစ်ပြီး ဤဆောင်ပုဒ်ကို ရခိုင်နိုင်ငံရေး လမ်းညွှန်အဖြစ် ကိုင်စွဲကာ ကွယ်လွန်သွားခဲ့သည်အထိ တော်လှန်ရေးအတွက် ရပ်တည် တိုက်ပွဲဝင်သွားသူ ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဦးမောင်ကျော်လှိုင်သည် အသက် (၄၈) နှစ် အရွယ် ၁၉၉၅ ခု ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တွင် ကွယ်လွန်သွားခဲ့သည်။
ဤစာအုပ်တွင် ဦးမောင်ကျော်လှိုင်၏ လုပ်ဖော်ကိုင်ဘက် ဆရာတော် ဦးမေဓသာရ (ဓမ္မာစရိယ) မှ စုဆောင်းထားသော ဆောင်းပါးများ ပါဝင်ပြီး ရခိုင်သားကြီးစာပေမှ ၂၀၁၈ ခုနှစ် ဇူလိုင်လ နေ့စွဲဖြင့် ထုတ်ဝေကာ စာမျက်နာ ၃၁၂ မျက်နာရှိ၍ ရောင်းစျေးမှာ ၃၀၀၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။







