နှစ်(၃၀)ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ စစ်တွေ RWU ရုံးတွင်ကျင်းပ

နှစ်(၃၀)ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ စစ်တွေ RWU ရုံးတွင်ကျင်းပ
by -
စံမောင်သန်း

နှစ် ၃၀ ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်အမျိုးသမီး အစည်းအရုံး ( RWU) ရုံးတွင် သြဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီခန့်က ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆန္ဒပြရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသူများကို ဖိတ်ကြားပြီး အတွေ့အကြုံများကို မျှဝေ ဟောပြောခဲ့ကြသည်။

ရှစ်လေးလုံး ဆန္ဒပြပွဲကို ရန်ကုန်နှင့် တစ်ချို့ မြို့ကြီးများတွင် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် နေ့တွင် စတင်ပြုလုပ်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လူထုအရေးတော်ပုံ ဆန္ဒပြပွဲ သြဂုတ်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့်အတွက် သြဂုတ်လ ၉ ရက်နေ့ကို ရွေးချယ်၍ ကျင်းပ ရခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသမီး အစည်းရုံး ဥက္ကဋ္ဌ စောမြရာဇာလင်းက သတင်းထောက်များကို ပြောသည်။

“၁၉၈၈ ခု သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့မှာ ကိုသန်းကျော် အပါအဝင် ကျောင်းစိမ်းဝတ် ကျောင်းသား ၉ ယောက်က ကျနော်တို့ အသေခံပြီး ဆန္ဒပြနေကြတယ်၊ ဆရာမလည်း လာရောက် ပူးပေါင်းပါခေါ်လို့ ကျမလည်း ကျောင်းသားတွေနဲ့ အတူ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်”ဟု စောမြရာဇာလင်းက ပြောသည်။

ဆန္ဒပြလူအုပ်သည် စစ်တွေမြို့ မင်းဗာကြီးလမ်းသို့ ရောက်သောအခါ လူအင်အားများပြားလာပြီး၊ ဆေးရုံကြီးနား အရောက်တွင် လူသောင်းချီ ပါဝင်လာခဲ့ကြသည်ဟု သိရသည်။

“ကျမက ဝင်္ကဘာကွင်းမှာ ဒီမိုကရေစီ တရားဦးကို ဟောကြားခဲ့ပါတယ်။ လူအုပ်ဟာ ဝင်္ကဘာကွင်းမှာ မဆန့်အောင် များပြားခဲ့ပါတယ်”ဟု စောမြရာဇာလင်းက ပြောသည်။

သူမ၏ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့မှုများ၊ လူ ၂၀ ကို ဦးဆောင်ကာ တော်လှန်ရေးနယ်မြေအထိ သွားရောက်ကာ တော်လှန်ရေးလုပ်ခဲ့သည်များ၊ ယခု လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေရခြင်းများကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော် ဦးမေဓသာရကလည်း ဘင်္ဂလားဒေ့ရှ်မှနေ၍ ရှစ်လေးလုံး အရေးတော်ပုံ အပြီး ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေး ရောက်ရှိလာသူများကို ကြိုဆိုပြီး အားပေးခဲ့ပုံများကိုလည်း မိန့်ကြားခဲ့သည်။

အခမ်းအနားသို့ ရခိုင်သမိုင်းသုတေသီ ဆရာကြီး မောင်ဗသိန်း၊ ဦးစိန်စောလှနှင့် အရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တစ်ချို့နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...