ရခိုင်တောင်သူလယ်သမားသမဂ္ဂ၏ ပထမဆုံးအကြိမ်ညီလာခံကိုစစ်တွေမြို့တွင် ပြုလုပ်မည်

ရခိုင်တောင်သူလယ်သမားသမဂ္ဂ၏ ပထမဆုံးအကြိမ်ညီလာခံကိုစစ်တွေမြို့တွင် ပြုလုပ်မည်
by -
စံမောင်သန်း

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ၏ ပထမဆုံးအကြိမ် ညီလာခံကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဗဟိုညီလာခံ ဖြစ်တဲ့အတွက်ကြောင့် အဓိကတော့ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်မယ်။ နောက်ပြီးတော့ တောင်သူလယ်သမား အကျိုးစီးပွားကို မြှင့်တင်နိုင်ဖို့နဲ့ သမဂ္ဂကို ၀ိုင်းရံဖို့အတွက် စိုက်ပျိုးရေး ပညာရှင်၊ ဥပဒေ ပညာရှင်၊ စီးပွားရေး ပညာရှင်တွေကိုလည်း ကော်မတီဖွဲ့သွားဖို့ အနေအထားရှိပါတယ်”ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ၏ ရခိုင်ပြည်နယ်တာဝန်ခံ ၊ အတွင်းရေးမှူး ဦးကျော်ဇံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကိုယ်စားလှယ်အဖြစ် တစ်မြို့နယ်မှ ၃ ဦးမှ ၁၁ ဦးထိ တက်ရောက်နိုင်ကြောင်း သိရသည်။

“ကိုယ်စားလှယ်ထဲမှာ မြို့နယ်တစ်ခုက ကိုယ်စားလှယ် အရေအတွက် ၃ ဦး မပြည့်မီရင် အရွေးချယ်ခံခွင့် မရှိပါဘူး၊ မဲပေးခွင့်လည်း မရှိပါဘူး။ ကိုယ်စားလှယ်အရေအတွက်ကျတော့ ဖွဲ့စည်းပုံအတိုင်း တစ်မြို့နယ်ကနေ ၃ ဦးမှ ၁၁ ဦးထိ တက်ရောက်ခွင့်ရှိပါတယ်”ဟု ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကို ဖွဲ့စည်းပြီးနောက် ၂ နှစ်အကြာတွင် ပထမဆုံး အကြိမ် ကျင်းပသော ညီလာခံဖြစ်သည်ဟု သိရသည်။

“သမဂ္ဂကို ဖွဲ့စည်းတဲ့အခါ စီမံကိန်းကာလကို ၂ ခု သတ်မှတ်ထားခဲ့ပါတယ်။ ပထမ တစ်ခုကတော့ သမဂ္ဂကို ခိုင်မာအောင် တည်ဆောက်ဖို့ဆိုတဲ့ စီမံကိန်းကာလပါ။ ဒုတိယ စီမံကိန်းကာလက သမဂ္ဂခိုင်မာအောင် တည်ဆောက်ပြီးနောက်ပိုင်းမှာ ကျနော်တို့ လယ်သမားတွေအတွက် ဖွံ့ဖြိုးရေးစီမံကိန်း၊ လယ်သမားအခွင့်အရေး ကာကွယ်ရေးစီမံကိန်း၊ အကျိုးစီးပွားမြှင့်တင်ရေး စီမံကိန်းတွေကို လုပ်မယ်ဆိုပြီးတော့ စီမံကိန်းကာလကို ၂ ခု သတ်မှတ်ခဲ့ပါတယ်”ဟု သမဂ္ဂ အတွင်းရေးမှူးက ပြောသည်။

ယခုညီလာခံ ပြီးဆုံးမှသာ သမဂ္ဂကို စနစ်တကျ တည်ဆောက်ပြီးစီးမည်ဟု ယုံကြည်ထားပြီး၊ ယခုညီလာခံ နောက်ပိုင်းမှသာ ဒုတိယ စီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

“လက်ရှိတောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍကို ကြည့်တဲ့အခါမှာ အတိတ်က တောင်သူလယ်သမားတွေနဲ့ ချိတ်ဆက်ယှဉ်တွဲပြီး ကြည့်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်တုန်းက သီးခြားလွတ်လပ်တဲ့ တောင်သူလယ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရရှိခဲကြပါဘူး။ ၂၀၁၀ နောက်ပိုင်းမှာ အဖွဲ့အစည်းဖွဲ့စည်းခွင့် အခွင့်အရေးတွေကို ရလာကြတယ်။ ဒီနေ့အချိန်အမှာ ရထားတဲ့ အခွင့်အလမ်းတွေကို ထိုက်ထိုက်တန်တန် ရယူပြီးတော့ ကျနော်တို့ တောင်သူလယ်သမားတွေက တစ်စု တစ်ရုံးတည်းနဲ့ ရသင့်တဲ့ အခွင့်အရေးကို ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လယ်သမားတွေကို တိုက်တွန်း လိုပါတယ်”ဟု ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကို ရခိုင်ပြည်နယ် မြေပုံမြို့၌ ၂၀၁၆ ခုနှစ် စတင်ဘာလတွင် ကျင်းပသော ရခိုင်တောင်သူလယ်သမား အကြိုညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ယခု ညီလာခံတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်က သမဂ္ဂကို စနစ်တကျ ဖွဲ့စည်းသွားမည်ဟု သိရှိရသည်။

April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...