ရခိုင်အရေးဖြေရှင်းရာတွင်ရခိုင်များပါဝင်ခွင့်ရရန် ရခိုင်၈၈အဖွဲ့တောင်းဆို

ရခိုင်အရေးဖြေရှင်းရာတွင်ရခိုင်များပါဝင်ခွင့်ရရန် ရခိုင်၈၈အဖွဲ့တောင်းဆို
by -
စံမောင်သန်း

လက်ရှိ နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်အရေးဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းနေရာတွင် ရခိုင်အမျိုးသားများ ပါဝင်ခွင့်ရရှိရန် လိုအပ်ကြောင်း ရခိုင် ၈၈ မျိုးဆက်အဖွဲ့မှ တောင်းဆိုလိုက်သည်။

“ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကော်မတီတွေဖွဲ့ကြတဲ့အထဲမှာ ကျနော်တို့ ကြည့်ရတာ အဓိက နိုင်ငံခြားသားတွေ ပါတယ်။ တစ်ခြားပုဂ္ဂိုလ်တွေ ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသက တတ်သိ ပညာရှင်တွေ မပါကြဘူး။ အဲ့ဒီအပေါ်မှာ ပွင့်လင်းမြင်သာမှု မရှိကြဘူးလို့ ကျနော်တို့ ဒေသခံ တွေက ခံစားကြရတယ်။ ဒီလိုမျိုး အခါအားလျော်စွာ ကျွန်တော်တို့ ရခိုင်ဒေသရဲ့ လုံခြုံရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် ဖွဲ့ပေးတဲ့ ကော်မတီတွေထဲမှာ ကျနော်တို့ ဒေသက တတ်သိပညာရှင်တွေ ပါဝင်ဖို့အတွက် ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားတာ ဖြစ်ပါတယ်”ဟု ၈၈ ရခိုင် မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ခိုင်ဆန်းအောင်က ပြောသည်။

၈၈ ရခိုင် မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ယင်းအချိန်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသည့် ကျောင်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော ရခိုင်အခြေစိုက် အဖွဲ့တစ်ခု ဖြစ်ပြီး ယခုနှစ်တွင် ကျရောက်သည့် နှစ် (၃၀) ပြည့် ရှစ်လေးလုံး အရေးတော်ပုံကို စစ်တွေမြို့ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းမှာ သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယခုလက်ရှိ နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးလိုက်သည့် ကော်မတီ/ ကော်မရှင် အများစုတွင် ရခိုင် လူမျိုးများ ပါဝင်ခွင့်မရသဖြင့် ၎င်းအဖွဲ့များ အပေါ် ရခိုင်လူမျိုးများက ယုံကြည်မှု မရှိသလောက် ဖြစ်နေပြီး ကာယကံရှင် ရခိုင်များ မပါဝင်ခြင်းသည် ရခိုင် ပြဿနာကို ချဉ်းကပ်ဖြေရှင်းရာတွင် ထိရောက်တန်သလောက် မထိရောက်နိုင်ဟုလည်း ခိုင်ဆန်းအောင်က သုံးသပ် ပြောဆိုသည်။

၎င်းပြင် သူက “ရှင်းရှင်းပြောရရင် ရခိုင်ပြဿနာဟာ ရေတိုပြဿနာ မဟုတ်ဘဲ ရေရှည် ပြဿနာ ဖြစ်နေတယ်။ နိုင်ငံတော် အစိုးရပိုင်းမှာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကော်မတီတိုင်းမှာ ပွင့်လင်း မြင်သာမှု ရှိဖို့လိုတယ်။ သူတို့ လုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ပြည်သူတွေကို ချပြဖို့ လိုပါတယ်။ အခု ဖြစ်နေတဲ့ ရခိုင်ပြဿနာ အဆုံးသတ်ဖို့ အတွက် ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် ရခိုင်တွေရဲ့ အသံကို နားထောင်ဖို့လိုသလို ရခိုင်တွေကို ပစ်ပယ်ထားလို့လည်း မရဘူး”ဟု သူက ပြောဆိုသည်။

နိုင်ငံတကာ ဖိအားကို ကြောက်ပြီး နိုင်ငံတကာအပေါ်မှာ အလေးထား အာရုံစူးစိုက်မှုများ နေသလောက် ကာယကံရှင် ရခိုင်များကို ဘေးဖယ်ထားမှုမှာ လုံးဝ မဖြစ်သင့်ဟု ပြောဆိုပြီး ၎င်းအပေါ်မှာလည်း စဉ်းစားစရာဖြစ်နေကြောင်း သူက ဝေဖန်ပြောဆိုသည်။

“ အမှန်တကယ်ဆို အစိုးရအနေနဲ့ ပြည်တွင်း ရခိုင် ပြဿနာကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေနဲ့ နဖူးတိုက် ဒူးတိုက် ဆွေးနွေးပြီး တိုင်ပင်ရမယ့် အချိန် ဖြစ်တယ်။ အခုဒါမျိုးတွေမတွေ့ရတော့ ဒီအပေါ်မှာလည်း စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ခိုင်ဆန်းအောင်က ပြောဆိုသည်။

၈၈ ရခိုင်အဖွဲ့၏ နှစ် (၃၀) ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ ထုတ်ပြန်ချက်တွင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်သော ငြိမ်းချမ်းရေး ညီလာခံကို ဖော်ဆောင်ရန်၊ တရားဥပဒေစိုးမိုးရေးနယ်မြေအေးချမ်းသာယာရေးအတွက် နိုင်ငံတော်မှ ထိရောက်စွာ ကာကွယ်ပေးရန်၊ ရခိုင်အရေးကော်မတီ/ကော်မရှင်တွင် ရခိုင်တတ်သိပညာရှင်များ ပါဝင်ခွင့် ရရန်နှင့် ရခိုင်နိုင်ငံရေး ပါတီခေါင်းဆောင်များအနေဖြင့် ပါတီအရေးထက် အမျိုးသား ညီညွတ်ရေးကိုရှေ့ရှုပြီး အမျိုးသားအကျိုးစီးပွားများကို ဖော်ဆောင်ရန် စသည့် အချက် (၄) ချက်ကို တောင်းဆိုထားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...