ရခိုင်ပန်းချီဆရာ တစ်ဦးဖြစ်သည့် ပန်းချီမောင်မောင်စော၏ “တွန်းတိုက်ခဲ့ကြသူများသို့” ဟု အမည်ရသည့် တစ်ကိုယ်တော်ပန်းချီပြပွဲကို ယမန်နေ့နံနက်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်ပန်းချီပြခန်းတွင် စတင်ဖွင့်လှစ်ပြသခဲ့သည်။
၎င်းပန်းချီပြပွဲွှအား သြဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် နှစ် ၃၀ ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ကို ဂုဏ်ပြုသော အားဖြင့် “တွန်းတိုက်ခဲ့ကြသူများသို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပန်းချီမောင်မောင်စောက ပြောသည်။
“ ဒီပွဲကို အဓိက လုပ်ရတဲ့ ဒီပြပွဲရဲ့ ရည်ရွယ်ချက်က ရှစ်လေးလုံး နှစ် ၃၀ မြောက် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်တဲ့ပွဲပါ။ ပြပွဲရဲ့ နာမည်ကိုတော့ တွန်းတိုက်သူများသို့ ပေးထားရခြင်း ဖြစ်ပါတယ်။ ဒီပွဲဟာ ရှစ်လေးလုံးနှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ဒုတိယပွဲ ဖြစ်ပါတယ်။ ငွေရတု ပထမပွဲမှာတော့ ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ စွန့်လွတ်အနစ်နာခံတဲ့သူတွေကို ဂုဏ်ပြုရုံသက်သက်ဘဲ။ ဒီပွဲက နိုင်ငံရေးသမားတွေ၊ စွန့်လွတ်အနစ်နာခံတဲ့သူတွေကို ဂုဏ်ပြုရုံ သက်သက်မဟုတ်ဘဲ။ သူတို့ အထဲမှာ လမ်းမှန် နေတဲ့ သူတွေလည်း ရှိတယ်၊ လမ်းလွဲ နေတဲ့သူတွေလည်းရှိတယ်။ အဲဒါကို အသိပေးချင်တယ်။ သတိပေးချင်တယ်။ ဒီလိုရည်ရွယ်ချက်နဲ့ တွန်းတိုက်သူများသို့ ခေါင်းစဉ် တပ်ပြီး ပြုလုပ်တာဖြစ်ပါတယ်” ဟု ပန်းချီမောင်မောင်စောက ပြောဆိုသည်။
ရေးဆွဲထားသော ပန်းချီကားများထဲတွင် ဟံသာဝတီ ဦးဝင်းတင်၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ စိုင်းညွှန့်လွှင်၊ ဆလိုင်းလျန်မှုန်းခေါင်၊ ဦးမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ မနီလာသိန်း၊ မမီမီ၊ ဒေါက်တာကျော်သူ စသူများ ရုပ်ပုံများ ပါဝင်ပြီး ရခိုင်ခေါင်းဆောင်များထဲမှ ဆရာကြီးဦသာထွန်း၊ ဦးစောမြအောင်၊ ဦးအေးသာအောင်၊ ဦးသာဘန်း၊ ဦးဦးလှစော၊ ခိုင်ဆန်းအောင်တို့၏ ရုပ်ပုံများ ပါဝင်သည်။
၎င်းပြင် သူက “ ရှစ်လေးလုံးအရေးတော်ပုံမှာ အားလုံးညီညီညွတ်ညွတ်နဲ့ တွန်းတိုက်ခဲ့ကြတဲ့ အတွက် အရွှေ့တစ်ခုကို ရောက်ခဲ့တယ်။ ဒီနေ့အခင်းအကျင်းမှာလည်း အားလုံး ပူးပေါင်းပါဝင် တွန်းတိုက်မှသာ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ အတားအဆီး ကြီးကို ဖယ်ရှားနိုင်မှာ ဖြစ်တဲ့ အတွက် အရင်ကလို အားလုံး ၀ိုင်းဝန်း တွန်းတိုက်ဖို့ လိုတဲ့ အတွက် အခုလို နာမည်ပေးပြီး ပန်းချီပြပွဲကို ပြုလုပ်ရတာပါ” ဟု ပြောဆိုသည်။
ယခုပြပွဲတွင် ပန်းချီးကားချပ် ၈၀ ကျော်ပါဝင်ပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသည့် ခေါင်းဆောင် ၄၀ ကျော်ရဲ့ ရုပ်ပုံတွေကို ရေးဆွဲပြီး ပြသထားခြင်း ဖြစ်သည်။ ၎င်းပန်းချီကားများကို ရေးဆွဲရန် ၂ နှစ်ကျော် ၃ နှစ်နီးပါး ရေးဆွဲခဲ့ရပြီး ပန်းချီကားအမျိုးအစားများမှ ရေဆေး၊ လိုင်းနှင့် Acrylic တို့ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ပန်းချီပြပွဲ ဖွင့်လှစ်သည့်နေ့တွင် ကဗျာရွတ်ပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပြီး ပန်ချီမောင်မောင်စော အပါအဝင် ကဗျာဆရာ သစ္စာနီ၊ ကဗျာဆရာ မင်းထက်မောင်နှင့် တစ်ခြား ကဗျာဆရာ ၁၀ ဦးခန့်က ရှစ်လေးလုံးအရေးတော်ပုံနှင့် ပတ်သက်သော ကဗျာများ ရွတ်ဖတ်ခဲ့ကြသည်။
ပန်းချီပြပွဲကို သြဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၁၇ ရှိ အလှသစ်ပန်းချီပြခန်းတွင် ၇ ရက်တိုင်တိုင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။







