စစ်တွေတွင်အမျိုးသမီးတစ်ဦးအပါအဝင်လူ၈ဦးကို စိတ်ကြွဆေးပြားရောင်းချမှုနှင့်ဆက်စပ်ဖမ်းဆီး

စစ်တွေတွင်အမျိုးသမီးတစ်ဦးအပါအဝင်လူ၈ဦးကို စိတ်ကြွဆေးပြားရောင်းချမှုနှင့်ဆက်စပ်ဖမ်းဆီး
by -
မာန်ယုကျော် (ရွှေဝမြေ)
(ဓာတ်ပုံ - ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့)
(ဓာတ်ပုံ - ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီး တစ်ဦးအပါအဝင် လူ ၈ ဦးကို မူးယစ်ဆေးဝါး ရောင်းချမှုနှင့် ဆက်စပ်ပြီး ရဲကဖမ်းဆီးခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးစဉ် ၎င်းတို့ထံမှ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၂ သောင်းကျော်ကို ဖမ်းမိခဲ့ကြောင်း၊ မူးယစ်ဆေးများကို သြဂုတ်လ ၄ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေ စခန်းအပါအဝင် ပြည်တော်သာရပ်ကွက်ရှိ တြိဂံလမ်းဆုံအနီး၊ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာ ဘုန်းတော်ကြီးကျောင်း၊ မင်းဂံရပ်ကွက်၊ လမ်းမတော်မြောက်ရပ်ကွက်နှင့် ရွှေပြား ကမ်းနားလမ်း စသည့်နေရာများမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ဖမ်းမိတဲ့တရားခံတွေကိုတော့ စစ်တွေမြို့မစခန်းထဲမှာ ချုပ်နှောင်ထားပါတယ်။ ကျနော်တို့ ဒီထက် အများကြီးဖမ်းဦးမှာပါ။ ကွင်းဆင်းတရားခံတွေကိုလည်း စုံစမ်းဖော်ထုတ်မှုတွေလုပ်နေပါပြီ"ဟု စစ်တွေမြို့မရဲစခန်းမှူး ဒုရဲအုပ်မိုးဇော်သူက နိရ ဉ္စရာသို့ပြောသည်။

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက်မှာ (၂၀၂၀၂)ပြားရှိပြီး လက်ရှိ ကာလတန်ဘိုးမှာ (၆၀၆၀၆၀၀၀)ကျပ်ရှိကြောင်း သိရသည်။

၎င်းပြင် စစ်တွေမဏိရတနာကျောင်းမှ ဦးဇင်းတစ်ပါးလည်း စိတ်ကြွဆေးပြား ရောင်းဝယ်မှုနှင့် ဆက်စပ် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

မဏိရတနာဘုန်းတော်ကြီးကျောင်းမှ ဦးပဇင်းတစ်ပါးက "ဦးဇင်းတို့ကျောင်းက ဦးပဇင်း တစ်ပါး ဆီက ဖမ်းမိတာက ဟုတ်ပါတယ်။ အဲဒီဦးပဇင်းက ကျောင်းမှာ စာသင်သားဘဝကတော့ နေခဲ့တယ်။ ဒါပေမယ့် ၆ နှစ်၊ ၇ နှစ်လောက် ကျောင်းနဲ့ အဆက်အသွယ်ပြတ်ပြီး ရန်ကုန်မှာ နေလိုက်၊ အင်္ဂလိပ်စာတွေလေ့လာလိုက်နဲ့။ အခုလည်း သူ နိုင်ငံခြားကိုထွက်မယ်ဆိုပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်ဖို့ ကျောင်းမှာ ယာယီတည်းခိုနေတာ ၂ လလောက် ရှိနေပြီဖြစ်ပါတယ်။ ကျောင်းမှာ အမြဲတမ်းနေတာတော့ မဟုတ်ပါဘူး" ဟု မိန့်ကြားသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးဆောင်ရွက်ခဲ့ရာ သြဂုတ် ၄ ရက်နေ့ တွင် ပြည်တော်သာရပ်ကွက်၊ တြိဂံလမ်းဆုံအနီးတွင် လင်းချေ(ဘ)ဦးစံသာ၊ ဝင်းမောင်သန်း (ဘ)ဦးရွှေလှ တို့အား မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသဖြင့် စစ်တွေမြို့မ ရဲစခန်း အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ သြဂုတ် ၈ ရက် နေ့လယ် ၁ နာရီ အချိန်တွင် ပွိုင့်အပန်းဖြေစခန်းသို့ မူးယစ် ဆေးဝါးများ ရောင်းချရန် လာရောက်သူ ကျော်သူရဦး(ခ)သူရချေ အား စိတ်ကြွ ရူးသွပ် ဆေးပြား (၂၁၄) ပြားနှင့် အတူ ဖမ်းဆီးရမိကြောင်း၊ ကွင်းဆက်တရားခံများ ဆက်လက် ဖမ်းဆီး ခဲ့ရာ စစ်တွေမြို့၊ ရွာကြီးတောင် ရပ်ကွက်၊ မဏိရတနာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် သီတင်း သုံးနေသူ ဦးဥတ္တမသီရိ (ခ)ခင်အေးမောင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၁၀၀)ပြားအား လည်းကောင်း၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းစောမွန်လမ်းနေ စိုးစိုးအေး ဆိုသူအား စိတ်ကြွ ရူးသွပ်ဆေးပြား (၁၈၃၄)ပြားဖြင့် လည်းကောင်း၊ စိုးစိုးအေး ၏နေအိမ်တွင် ကျော်မင်းထွန်း ဆိုသူအား စိတ်ကြွ ရူးသွပ်ဆေးပြား (၁၇)ပြားအား လည်းကောင်း၊ စစ်တွေမြို့၊ လမ်းမတော် မြောက်ရပ်ကွက်၊ ရွှေပြားကမ်းနားလမ်း နေခိုင်မင်း ဆိုသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၈၀၃၅)ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့အပါအဝင် ပြည်နယ်တွင်းရှိမြို့တိုင်းလိုလိုတွင် ယခု နောက်ပိုင်း မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းမိလာနေသည်။ ယင်းအထဲတွင် အခြေခံပညာ ကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများထံမှပင် မူးယစ်ဆေးများ တွေ့ရှိသိမ်းဆည်းရမိမှုများရှိနေကြောင်းလည်း စစ်တွေရှိ ဆရာ၊ ဆရာမအသိုင်းအဝိုင်းထံမှ သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...