ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (တက္ကသိုလ်) တောင်ကြီးမှ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားများနှုတ်ဆက်ပွဲကျင်းပ

ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (တက္ကသိုလ်) တောင်ကြီးမှ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားများနှုတ်ဆက်ပွဲကျင်းပ

တောင်ကြီးတက္ကသိုလ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးစီးဦးဆောင်ပြုလုပ်ကာ သျှမ်း(ရှမ်း)ကျောင်းသား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားများအား နှုတ်ဆက်ပွဲအခမ်းအနားတရပ်ကို တောင်ကြီးမြို့ တက္ကသိုလ်တွင်ကျင်းပခဲ့သည်။

ယမန်နေ့ (သြဂုတ်လ ၅ ရက်နေ့)နံနက် ၉ နာရီတွင် အခမ်းအနားစတင်ကျင်းပ ရာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ထူးချွန်ထက်မြက်သောကျောင်းသားများအား ဆုပေးခြင်းအခမ်းအနားပါ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧည့်သည်တော်များအဖြစ် သျှမ်းပါတီများ ၊ မြို့နယ်အသီးသီးမှ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်များ တက္ကသိုလ်အသီးသီးမှ သျှမ်းကျောင်းသားလူငယ်မောင်မယ်ကိုယ်စားလှယ်များစုစုပေါင်း ၁၀၀၀ နီးပါးတက်ရောက်ကြကြောင်းသိရသည်။

အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှအလုပ်အမှုဆောင်စိုင်းလောဝ်ဖှက – သျှမ်းပြည်တွင်းက တက္ကသိုလ်ကျောင်းသားများကိုယ်စားလှယ်သာမက တခြားပြည်နယ်နဲ့တိုင်း က တက္ကသိုလ် အသီးသီးက သျှမ်းကျောင်းသားများကိုယ်စားလှယ်အဖွဲ့ကလည်း လာပြီးတော့ တက်ရောက်အားပေးပါတယ်။ ကျနော်တို့ရည်ရွယ်ချက်ကတော့ ကျောင်းသားအချင်းချင်းချိတ်ဆက်အလုပ်လုပ်သွားနိုင်အောင်ဖြစ်ပါတယ်။ ပြီးတော့ မိမိတို့နဲ့သက်ဆိုင်တဲ့လူမှုအသိုင်းအဝိုင်းအသီးသီးမှာ ဦးဆောင်ဦးရွက်လုပ်သွားနိုင်အောင်ရည်ရွယ်ပါတယ် – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ဆုဆွတ်ခူးရရှိသော ထူးချွန်ကျောင်းသား ၁၅ ဦးမှာ တက္ကသိုလ်ဝင်တန်းအောင်ထူးချွန်သောကျောင်းသားများနှင့် မဟာတန်းတက်ရောက်မည့် ထူးချွန်ကျောင်းသားများဖြစ်ကြောင်းသိရသည်။

ဆုလက်ခံရရှိသော တက္ကသိုလ်ကျောင်းသူ နန်းသင်ဇာဦးက- ကျောင်းသားကျောင်းသူလေးတွေ ပိုမိုကြိုးစားမှုရှိလာအောင် အားပေးသလိုဖြစ်ပါတယ်။ ဒီလိုအခမ်းအနားလေးတွေကျင်းပပေးတဲ့အတွက် တက္ကသိုလ်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကိုကျေးဇူးတင်ပါတယ်။ အဖွဲ့ရဲ့ရည်မှန်းချက်အတိုင်းပါဘဲ ကျမတို့ကျောင်းပြီးရင် လူမှုအသိုင်းအဝိုင်းမှာပါ၀င်အားဖြည့်ပြီးလှုပ်ရှားသွားမှာပါ။ မောင်ညီမလေးတွေကိုလည်း စာကြိုးစားဖို့တိုက်တွန်းပါတယ်။ စာတခုတည်းမဟုတ်ပါဘူး။ အဘက်ဘက်က ဗဟုသုတရနိုင်တာတွေကိုလည်းလေ့လာဖို့တိုက်တွန်းပါတယ်- ဟု ပြောဆိုသည် ။

လာမည့်နှစ်အတွင်းကျင်းပမည့် မောင်မယ်သစ်လွင် သျှမ်းကျောင်းသားများအားကြိုဆိုပွဲတွင် ရိုးရာယဉ်ကျေးမှု နှင့် စာပေကိုသုတေသနပြုသည့်အစီအစဉ်ပါ ထည့်သွင်းကာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...