နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန် အသက် ၁၅-၂၀ ကြား မိန်းခလေးများအား UWSA ဆင့်ခေါ်

နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန် အသက် ၁၅-၂၀ ကြား မိန်းခလေးများအား UWSA ဆင့်ခေါ်

နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန်အတွက် ၉ လ ကြာလေ့ကျင့်ရမည့် အမျိုးသမီးစစ်ရေးပြများအတွက် အသက် ၁၅-၂၀ နှစ်ကြား အမျိုးသမီးများအား UWSA တပ်မဟာအသီးသီးက မိမိထိန်းချုပ် နယ်မြေအတွင်းဆင့်ခေါ် လေ့ကျင့်နေ သည်ဟု သတင်းရရှိသည်။

UWSA ထိန်းချုပ်ထားသည့် ပန်ဝိုင်၊ နားဖန်း မိုင်းမော ပန်ဆန်း နှင့် ထိုင်းနယ်စပ် တကြော ၀တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အသက် ၁၅-၂၀ နှစ်ကြား အမျိုးသမီးများအား ၂၀၁၈ ဇူလိုင်လတွင် စတင် ဆင့်ခေါ်ကြောင်း၊ နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန်အတွက် ၉ လ ကြာမည့်သင်တန်းအား သြဂုတ်လ ၁ ရက်နေ့ တွင် စတင်ကြောင်း၊ အဆိုပါသင်တန်းမှ အမျိုးသမီးစစ်သည်စစ်ရေးပြရန်၊ ဧည့်ခံကြိုဆိုရန်၊ ကပြဖျော်ဖြေရန် စသဖြင့် သင်တန်းအသီးသီးခွဲပို့ကြောင်း ကလေးမိဘ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဟိုတောင်းနေ ကလေးမိဘ ဦးအိုက်ကပ် က – "ကျနော့်သမီးကို ဂျူလိုင် ၂၃ နောက်ဆုံးထားပို့ရမယ် ပြောတော့ ပို့လိုက်ရဘီ။ သွားတွေ့ခွင့်လဲမပေးဘူး။ မိဘတောင် သွားတွေ့ခွင့်မရဘူးဆိုတော့ လုပ်နည်းလုပ်ဟန် က မဟုတ်သေးဘူးလို့မြင်မိတယ်။ တချို့ ကြိုသိတဲ့သူတွေတော့ တရုတ်ဘက်ကို တိမ်းရှောင်ကြတယ်။ ကျနော်တို့တော့ အိမ်နဲ့ ယာနဲ့ ဆိုတော့ ထွက်ပြေးလို့မရဘူး။ အဲဒီသင်တန်းရောက်ပြီး ထွက်ပြေးလို့ ဖမ်းမိရင် တကယ့် ထာဝရစစ်သားလုပ်ရမယ် ပြောတယ်၊ ဒါပေမယ့် ထွက်ပြေးကြတာဘဲ ၊ တရုတ်ဘက်ကို "– ဟု ပြောသည်။

ထိုင်းနယ်စပ်အနီး မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း ၀ တပ်ဖွဲ့ တပ်မဟာကြီး ၅ ခု၊ မြောက်ပိုင်း တရုတ်နယ်စပ် တွင် ၄ ခု တို့ နှစ် ၃၀ ပွဲအတွက် ကျရာ တာဝန် အသီးသီး တာဝန်ယူ ရသည်ဟုဆိုသည်။

တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက် တွင် နယ် ၅ ခု သတ်မှတ်ထားကြောင်း၊ မိုင်းပေါက်၊ မိုင်းဖျန်၊ ဟိုတောင်း၊ မိုင်းငျဲန်း၊ နမ့်ဖိုင် ဟူ၍ ရှိကြောင်း၊ တနယ်လျှင် အနည်းဆုံး မိန်းခလေး ၅၀ ဦး ၊ နယ်ကြီးပါက ၅၀ ဦးထက် ပိုကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

"ကိုယ့်အတွက်လုပ်တာမဟုတ်ဘူး။ ကိုယ့်ဒေသ ဂုဏ်သိက္ခာဘဲ။ တာဝန်ပျက်ကွက်လို့မရဘူး။ ကျရာတာဝန် ထမ်းဆောင်ရမှာဘဲ။ ဘာလူမျိုးမှ မခွဲခြားဘူး "– ဟု တောင်ပိုင်း ၀ အရာ ရှိတဦးက ပြောသည်။

UWSA ၀ တပ်ဖွဲ့သည် ၁၉၈၉ ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ဆန့်ကျင်ခွဲထွက်ကာ တပ်မတော် အစိုးရနှင့်အပစ်ရပ်ခဲ့သည်။ ထိုအနေ့အတွက် ဂုဏ်ပြုပွဲတော် ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...