မညှင်းကိုင်းမူလတန်းကျောင်းဆောင် ဟောင်းနွမ်းပျက်စီးနေသည့်အပြင် နေရာမဆံ့၍ ပညာသင်ကြားရေးအခက်အခဲဖြစ်

မညှင်းကိုင်းမူလတန်းကျောင်းဆောင် ဟောင်းနွမ်းပျက်စီးနေသည့်အပြင် နေရာမဆံ့၍ ပညာသင်ကြားရေးအခက်အခဲဖြစ်
by -
စံမောင်သန်း
ဓာတ်ပုံ- မညှင်းကိုင်းစာသင်ကျောင်းနှင့် ကလေးငယ်များ ပညာသင်ကြားနေကြရပုံ
ဓာတ်ပုံ- မညှင်းကိုင်းစာသင်ကျောင်းနှင့် ကလေးငယ်များ ပညာသင်ကြားနေကြရပုံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ၊ အင်္ဂရားချိုင်ကျွန်း၊ ဗျိုင်းသစ်အုပ်စု၊ မညှင်းကိုင်းကျေးရွာရှိ မူလတန်း ကျောင်းဆောင်မှာ ဟောင်းနွမ်းပျက်စီးနေသည့်အပြင် ကျောင်းဆောင်တွင် စာသင်ကြားရန် နေရာ မဆံ့ဖြစ်နေ၍ ပညာသင်ကြားရေး အခက်အခဲ ရှိနေသည်ဟု သိရသည်။

အဆိုပါ မူလတန်းကျောင်းမှာ အလျား ၄၅ ပေ၊ အနံ ၂၅ ပေရှိပြီး အစိုးရက ဆောက်ပေးသော ကျောင်းမဟုတ်ဘဲ လွန်ခဲ့သော ၇ နှစ်ခန့်က Save the Children မှ အကူအညီဖြင့် ဆောက်ပေး ထားသော ကျောင်းတစ်ဆောင်ဖြစ်ကြောင်း ကျေးရွာသားများက ပြောကြားသည်။

၎င်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားဦးရေမှာ ၁၅၀ ခန့်ရှိသည့်အတွက် ကျောင်းဆောင်နှင့် ကျောင်းသားအရေအတွက်မှာ မမျှ ဖြစ်နေသဖြင့် စာသင်ကြားရေး အခက်အခဲ ဖြစ်နေကြရသည်ဟု ပြောဆိုသည်။

“အလျား ၄၅ ပေ၊ အနံ ၂၅ ပေသာ ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ၁၅၀ ကို စာသင်ကြားနေရတယ်။ ခလေးတွေ ဘယ်လောက်ထိ အခက်အခဲရှိမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ ကျောင်းဆောင်သစ်တစ်ဆောင် ချပေးဖို့ ၂၀၁၇-၂၀၁၈ စာသင်နှစ်မှာ တောင်းဆို တင်ပြထားခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူ တွေကတော့ နိုင်ငံတကာ အန်ဂျီအိုတွေက အကူအညီရရင် ကျောင်းဆောင်သစ် ချပေးမယ်လို့ ပြောကြားထားပါတယ်”ဟု ဆရာ ဦးစောမောင်နိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောင်းဆောင်သစ်တစ်ဆောင် ချပေးဖို့ တင်ပြထားသော်လည်း ပေါက်တောမြို့နယ်တွင် ယင်းထက် ဥပတိရုပ်ဆိုးသည့် ကျောင်းအများအပြား ရှိနေသဖြင့် ၎င်းကျောင်းများကို ဦးစားပေးချပေးနေရာသည်ဟု ပညာရေးဌာနက ပြောကြားကြောင်း ကျောင်းဆရာတစ်ဦးက ပြောသည်။

မညှင်းကိုင်းကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာမ အပါအဝင် ဆရာ ဆရာမ ၅ ဦးရှိပြီး၊ မညှင်းကိုင်းကျေးရွာနှင့် ပြင်ဖြူချိုင်ပိုက်ဆိပ်မှ ကျောင်းသူကျောင်းသားများ လာရောက် ပညာသင်ယူလျက်ရှိသည်ဟု သိရသည်။

“ဒီမှာက တံငှာအလုပ်ကို လုပ်ကိုင်နေကြပေမယ့် မိဘတွေက ပညာရေးလိုလားကြပါတယ်။ ကိုယ် စာမတတ်ခဲ့ပေမယ့် သားသမီးတွေကို စာတတ်စေချင်ပါတယ်။ ရွာသားတွေ၊ ပိုက်ဆိပ်သားတွေ အနေနဲ့လည်း ပညာရေးတိုးတက်စေလို့တဲ့ ဆန္ဒရှိကြတဲ့အတွက် သားသမီး ပညာရေးကို အားပေးကြတယ်။ ခုလို အခက်အခဲဖြစ်နေတော့ သားသမီးတွေရဲ့ အနာဂတ် ပညာရေးကို စိုးရိမ်မိပါတယ်”ဟု ပြင်ဖြူချိုင်ပိုက်ဆိပ်မှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သို့အတွက် ကျောင်းသားတွေ ပညာသင်ကြားရေး အဆင်ပြေအောင် ကျောင်းဆောင်သစ် တစ်ဆောင်ကို အစိုးရအနေနဲ့ အမြန်ချပေးရန် တောင်းဆိုပါကြောင်း သူမက ပြောကြားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...