မြောက်ဦးမှ ဖမ်းဆီးခံလူငယ် ၈ ကို ရုံးထုတ်၊ အမှုကို စွဲချက်တင်/မတင် နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်

မြောက်ဦးမှ ဖမ်းဆီးခံလူငယ် ၈ ကို ရုံးထုတ်၊ အမှုကို စွဲချက်တင်/မတင် နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်
by -
စံမောင်သန်း

မြောက်ဦးမြို့မှ ဖမ်းဆီးခံထားရသူ လူငယ် ၈ ဦးကို သြဂုတ် ၁ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ရုံးချိန်းတွင် သူတို့ကို စွဲချက်တင် / မတင် ဆုံးဖြတ်မည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများ အမှုအတွက် တရားလိုပြ သက်သေအားလုံးကို စစ်ဆေးပြီးစီး သွားပြီ ဖြစ်သဖြင့် အမှုကို စွဲချက်တင်သင့် မတင်သင့်နှင့် ပတ်သက်၍ နောက်လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သူ အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်က ယနေ့ ရုံးချိန်း အပြီးတွင် ပြောကြားသည်။

“အမှုအတွက် တရားလိုပြ သက်သေအားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်တဲ့အတွက် နောက်လာမယ့် သြဂုတ်လ ၁၃ ရက်နေ့ ၁၈ ကြိမ်မြောက် ရုံးချိန်းမှာ နှစ်ဘက်အကျိုးဆောင် ရှေ့နေတွေက စွဲချက် တင်သင့် မတင်သင့်ဆိုတာတွေကို တရားရုံးမှာ လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်”ဟု အထက်တန်း ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောသည်။

တရားရုံးက စွဲချက်မတင်သင့်ဟု ဆုံးဖြတ်လျှင် တရားရှင်လွတ်မည်ဖြစ်ပြီး၊ စွဲချက်တင်သင့်သည်ဟု ဆုံးဖြတ်လျှင် တရားခံဘက်မှ သက်သေများကို တင်ပြ၍ အမှုကို ဆက်လက်စစ်ဆေးရမည် ဖြစ်သည်။

မြောက်ဦးဆန္ဒပြပွဲတွင် ပါဝင်၍ ဖမ်းဆီခံထားရသူ ၈ ဦးမှာ မောင်အောင်ဌေး၊ ဦးအောင်ကျော်ညွန့်၊ ကိုကျော်ကျော်နိုင်၊ မောင်ဦးသန်းဇော်၊ မောင်ကျော်ဝင်းနိုင်၊ မောင်ထွန်းကျော်စိန်၊ ကိုရွှေမောင်နှင့် မောင်ကျော်မင်းစိုးတို့ဖြစ်ပြီး ၄င်းတို့ကို ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှု ပုဒ်မ ၆၁ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

“နောက်တစ်ပတ် ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့်ကို သိရပါမယ်။ အမှုနဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တို့က အပြစ်မရှိဘဲနဲ့ ဒီအထဲကို ရောက်နေကြတာပါ။ ပစ်တဲ့ရဲတွေကို အရေးမယူဘဲနဲ့ အပစ်ခံ ဒဏ်ရာရထားသူတွေကို အရေးယူထားတဲ့အတွက် လုံးဝ မတရားဘူးလို့ မြင်ပါတယ်”ဟု မောင်ကျော်မင်းစိုးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခုလက်ရှိတွင် အမှုကို ရင်ဆိုင်နေရသူများထဲမှ ၃ ဦးမှာ ဂျိုင်းထောက်နှင့် လမ်းလျှောက် နေရဆဲဖြစ်ပြီး၊ မောင်ကျော်မင်းစိုး၏ ယာဘက်လက်မောင်းလည်း ဒဏ်ရာကြောင့် ဆန့်၍မရ ကွေး၍မရ ဖြစ်နေသေးကြောင်း ပြောသည်။

အဆိုပါမြောက်ဦးဖြစ်စဉ်အမှုနှင့် ပတ်သက်၍ စွဲဆိုခံထားရသူများ ဘက်မှ အကျိုးဆောင် ရှေ့နေများအဖြစ် အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်အပြင် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဦးသန်းခိုင်တို့ လိုက်ပါဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈ ခု၊ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ၂၃၃ နှစ်မြောက် ရခိုင့် အချုပ်အခြာ အာဏာ ကျဆုံးခြင်း အထိမ်းအမှတ် ဟောပြောပွဲကို အာဏာပိုင်များမှ တားမြစ်ရာမှ ဟောပြောပွဲ ပြုလုပ်ခွင့် ရရှိရန် ဆန္ဒပြကြရာ ဆန္ဒပြသူများကို ရဲက သေနတ်ဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့၍ ဒေသခံ ပြည်သူ ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများအထဲမှ မြောက်ဦးဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ ၄ ဦးမှာ ဆေးရုံးမှ ထွက်ပြေး လွတ်မြောက်ခဲ့ကြပြီး၊ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူ ၈ ဦးကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးပြီး စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...