မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရခိုင်လယ်သမား ရှစ်သောင်းကျော်ကို ကျပ်ဘီလီယံ ၆၀ ကျော်ထုတ်ချေးထားပြီဟုဆို

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရခိုင်လယ်သမား ရှစ်သောင်းကျော်ကို ကျပ်ဘီလီယံ ၆၀ ကျော်ထုတ်ချေးထားပြီဟုဆို
by -
မာန်ယုကျော် (ရွှေဝမြေ)

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ရခိုင်ပြည်နယ်မှ လယ်သမားများ ရှစ်သောင်းကျော်ကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ချေးငွေ ကျပ်ဘီလီယံ ၆ဝ ကျော် ထိ ထုတ်ချေး ပေးထားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် စိုက်ပျိုးရာသီတွင် ကျပ်ဘီလီယံ ၈ဝ ကျော်ထုတ်ချေးပေးမည်ဖြစ်ရာ ၎င်းအထဲမှ ကျပ်ဘီလီယံ ၆၀ ကျော်ကို ထုတ်ချေးပေးထားပြီ ဖြစ်ကြောင်း စစ်တွေ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ပြောကြားသည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ အတွက်ဘဏ်ချေးငွေများကို မေလမှ ဇွန်လအထိ ထုတ်ချေးရန် သတ်မှတ်ထားခဲ့သော်လည်း ဇူလိုင်လကုန်အထိ တစ်လသက်တမ်းတိုးမြှင့် ထုတ်ချေးခဲ့သည်ဟု သိရသည်။

နောက်ထပ်လည်း လိုအပ်လာပါက ရခိုင်ပြည်နယ်မှ လယ်သမားများအတွက် ဘဏ်ချေးငွေများကို လိုအပ်လျှင်လိုအပ်သလို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

"အခုလို ရာသီဥတုအခြေအနေကြောင့် ရေကြီးတာတွေ၊ ဘာတွေဖြစ်တယ်ဆိုရင် လိုအပ်လို့ ရှိရင်လည်း ရုံးချုပ်ကိုတင်ပြပြီးတော့ ထပ်မံပြီးတော့ တိုးပြီးထုတ်ပေးနိုင်ရင် တိုးပေးသွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်"ဟု ဦးအေးသိန်းက ပြောသည်။

ထိုကဲ့သို့ အချိန်ကာလ တိုးမြှင့်ပြီး လယ်သမားများကို ထပ်မံ ငွေချေးပေးမည့် အစီအစဉ်ကို ကြိုဆိုကြောင်း လယ်သမားများက ပြောဆိုသည်။

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ လယ်သမားဦးသိန်းထွန်းဦးက "ကာလ တိုးမြှင့်ထုတ်ချေးမယ် ဆိုရင်တော့ အခက်အခဲဖြစ်နေတဲ့အတွက် လယ်သမားတွေ အတွက်တော့ ကောင်းတာပေါ့။ ကျနော့်မှာတော့ ချေးငွေဆပ်ပြီးပြီဖြစ်တဲ့အတွက် ဒီနှစ်အတွက် ဘဏ်ချေးငွေကို ချေးထားပြီဖြစ်ပါတယ်"ဟု ပြောသည်။

ယခင်နှစ်များကထုတ်ချေးထားသည့် ချေးငွေများကိုပြန်မဆပ်သည့်လယ်သမားများအား ဥပဒေ အရ အရေးယူသွားမည်ဖြစ်သော်လည်း လက်ရှိတွင် အရေးယူမှုမရှိသေးဘဲ ချေးငွေများ ပြန်လည် ဆပ်ကြရန် စည်းရုံးကောက်ခံနေရဆဲဖြစ်ကြောင်းလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆိုသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...