စစ်တွေမြို့တွင် မြေကွက်ဖော်ထုတ်နေသည့် ကိုးရီယားကုမ္ပဏီ BXT International Co., Ltd မှ မြေကွက်များ ရောင်းချထားမှုကို ဖျက်သိမ်းလိုက်ပြီး ပေးချေထားသော စရံငွေများကို ပြန်လည် ထုတ်ယူကြရန် ဝယ်ယူထားသူများထံသို့ စာများပေးပို့နေကြောင်း သတင်းရရှိသည်။
မြေကွက်ဝယ်ယူထားသူ တစ်ဦးက “ ကိုရီးယား BXT ကနေ ဒေသခံ ပြည်သူတွေကို မြေကွက် ရောင်းချမှုကို တဖက်သတ်ဖျက်သိမ်းပြီး မြေကွက် ဝယ်ယူသူတွေ အပေါ် ၃၁- ၇ – ၂၀၁၈ နေ့ နောက်ဆုုံးထားပြီး ပေးသွင်းစရံ ငွေကျပ် ၁၀ သိန်း ကို ထုတ်ယူရန် အကြောင်းကြားစာ ပေးပို့ လာပါတယ်။ ဒီလို အကြောင်းကြားလာပေမယ့် မြေကွက်ဝယ်သူတွေက လုံးဝ (လုံးဝ) ထုတ်ယူခြင်း မရှိကြဘဲ ဖြစ်နေပါတယ်။ ဒီလို လုပ်တဲ့ အပေါ်မှာ ကျွန်တော်တို့က မကျေနပ်နပ်တဲ့အတွက် ရပိုင်ခွင့်တို့ကို ရရှိအောင် တညီတညွတ် တည်း တောင်းဆိုသွားကြဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရ၏ (၁၄-၂-၂၀၁၈) နေ့စွဲပါစာတွင် အဆိုပါမြေကွက်များအား ငွေအရစ် ကျပေးချေမှုဖြင့် ကြိုတင်ရောင်းချခြင်းကို ခွင့်မပြုတော့ကြောင်း၊ ထိိုသို့ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမိန့်စာ ထုတ်ဆင့်ခဲ့သည့် အတွက်ကြောင့် နှစ်ဦး သဘောတူ ထားရှိမှုမှာ ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် လူကြီးမင်းတို့မှ BXT သို့ ပေးသွင်းထားသော စိတ်ဝင်စားကြေးငွေ (၁၀) သိန်းကျပ် တိတိအား ပြန်လည် ထုတ်ယူရန် BXT International Co., Ltd မှ ပေးပို့စာထဲတွင် ပါရှိသည်ဟု သိရသည်။
“ BXT – Co.,Ltd ကနေ ရခိုင်ပြည်နယ် ဒေသခံ များဝယ် ယူထားတဲ့ မြေကွက်တွေကို လက်လွတ် ဆုံးရှုံးမှု မရှိရအောင်၊ နစ်နာမှုမရှိရအောင် BXT ကုမ္ပဏီ အနေနဲ့ ဒေသခံ ပြည်သူတွေနဲ့ အဆင် အပြေဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာကြံပြီး ဖြေရှင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့လည်း ဒေသခံ ပြည်သူတွေ နစ်နာမှု မရှိအောင် ကြားဝင်ဆောင်ရွက် ပေးစေချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ကိုးရီယားကုမ္ပဏီ BXT International Co., Ltd နှင့် ရခိုင်ပြည်နယ် အစိုးရတို့ အကျိုးတူ ပူးပေါင်းကာ စစ်တွေမြို့ အရှေ့ဘက် ဂစ္ဆပနီမြစ်ကြောင်း တစ်လျှောက်ရှိ ကမ်းခြေအား ကျောက်စီ၊ မြေဖို့ကာ မြေယာဖော်ထုတ်မှု စီမံကိန်းအား စစ်တွေမြို့ပြ ဖွံ့ဖြိုးရန် ရည်ရွယ်ချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည်။
အဆိုပါ စီမံကိန်းသည် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလန်းများ၊ဒေသအတွင်း စီးပွားရေး တိုးတက်မှုများ လမ်းဖွင့်ပေးမည့်အပြင် ခေတ်မီ မြို့ပြ အဆောက်အအုံများ၊ အပန်းဖြေ စခန်းများ၊ ကိုယ်ကာယ သင်တန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ တည်ဆောက်ရန် ရည်ရွယ်ပြီး ဖော်ထုတ်သော စီမံကိန်းဖြစ်ကြောင်း BXT International Co., Ltd ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
၎င်းစီမံကိန်းမှ မြေများကို ၆-၁-၂၀၁၈ နှင့် ၇-၁-၂၀၁၈ ရက်နေ့များတွင် အရောင်းပြပွဲများပြုလုပ်ပြီး ရောင်းချခဲ့ရာ ဒေသခံများက စိတ်ဝင်စားကြေး ကျပ်ငွေ (၁၀)သိန်းစီ ပေးသွင်းကာ ဝယ်ယူခဲ့ကြသည်။







