ရခိုင်အမျိုးသားပါတီ ( ANP) ၏ လူငယ်မျက်နာစုံညီ အစည်းအဝေးတစ်ခုကို ကျောက်တော်မြို့တွင် လာမည့် သြဂုတ်လ ၁၁နှင့် ၁၂ ရက်နေ့များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ရခိုင်အမျိုးသားပါတီကို ၀ိုင်းရံနိုင်ဖို့အတွက် အင်အားတောင့်တင့်တဲ့ လူငယ်အင်အားစုတစ်ခုကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ပဏာမအနေနဲ့ ကျနော်တို့ ပါတီဝင်ဖြစ်တဲ့ ရခိုင်လူငယ်တွေအတွက် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
ရခိုင်အမျိုးသားပါတီသည် ၂၀၁၄ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အလုပ်သမား၊ လယ်သမား၊ လူငယ်အခန်းကဏ္ဍများကို အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ ယခုအချိန်သည် သင့်တော်သည့်အချိန်တစ်ခုဖြစ်သောကြောင့် လူငယ်အခန်းကဏ္ဍကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန် ပဏာမ လူငယ်အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း သူက ပြောဆိုသည်။
“ကျနော်တို့မှာ ပါတီလူငယ်ဆိုပြီး သီးသန့် သတ်မှတ်ထားတာ မရှိသေးပါဘူး။ ပါတီဝင်တွေ အနေနဲ့ပဲ ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ အခုကစပြီးတော့ ပါတီလူငယ်အင်အားစုအနေနဲ့ စနစ်တကျ စတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ANP ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောသည်။
လူငယ် အစည်းအဝေးတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ရေး၊ ဘဏ္ဍာရေး အခြေအနေများနှင့် လူငယ်အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြမည်ဟု သိရသည်။
“ပါတီဝင်လူငယ်တွေဟာ အရင်ကတည်းက ရခိုင်ပြည်မှာရှိတဲ့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေရဲ့ အကျိုးအတွက် အလုပ်လုပ်နိုင်ဖို့အတွက် ပါတီကို အကြံဉာဏ်ပေးတာတွေ ရှိသလို၊ ပါတီအပေါ်မှာ အားမလို အားမရဖြစ်တာတွေကိုလည်း တင်ပြဆွေးနွေးတာတွေ အများကြီးရှိခဲ့ပါတယ်။ ဒီအတွက် လူငယ်တွေအနေနဲ့ လွတ်လပ်စွာ ဆွေးနိုင်ကြမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
ယခု ကျင်းပမည့် ပါတီဝင်လူငယ် အစည်အဝေးသို့ တက်ရောက်ရန် ရခိုင်ပြည်နယ် မြို့နယ်တစ်ခုစီမှ အသက် ၃၅ နှစ်အောက် ပါတီဝင် လူငယ် ၃ ဦးကျစီကို ဖိတ်ကြားထားကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သော မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် တတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ရပ်ဖြစ်သည်။







