ကျိုင်းတုံမြို့တွင် ရှမ်းဘုန်းတော်ကြီး ဦးဆောင်ဖွင့်လှစ်သည့် ဘက ကျောင်း တခု ခွင့်ပြုချက်ရ

ကျိုင်းတုံမြို့တွင် ရှမ်းဘုန်းတော်ကြီး ဦးဆောင်ဖွင့်လှစ်သည့် ဘက ကျောင်း တခု ခွင့်ပြုချက်ရ
ကျိုင်းတုံမြို့ ၀မ့်ငဲန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကျိုင်းတုံမြို့ ၀မ့်ငဲန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ၀မ့်ငဲန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား ပြည်ထောင်စု အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွါးရေးဦးစီးဌာန က ဘုန်းတော် ကြီး သင်ပညာရေးမူလတန်းကျောင်း (ဘကကျောင်း) ဖွင့်လှစ်ခွင့်ပြုကြောင်းအကြောင်းကြား ခဲ့သည်ဟု သိရသည်။

အဆိုပါအကြောင်းကြားစာအား ဇူလိုင်လ ၃ ရက်နေ့က ခွင့်ပြုချက်ချပေးလိုက်ခြင်းဖြစ်ကြောင်း ၀မ့်ငဲန်း ကျောင်းတိုက် ဘက ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တ အဂ္ဂသေန က မိန့်တော်မူသည်။

“ ဘက ကျောင်းကို အစိုးရသင်ရိုးညွန်းတမ်းအတိုင်း သင်ခွင့်ရဖို့ ဘုန်းဘုန်းတို့ အင်တိုက်အားတိုက် ကြိုးစားခဲ့ရပါတယ်။ ဘက ဥက္ကဌ ဆီ၊ ကျိုင်းတုံမြို့နယ် သာသနာရေးဆီတွေကိုစာရေးခွင့်တောင်းရပါတယ်။ အခုမှဘဲ အစိုးရက ခွင့်ပြုမိန့်ချလာတာ မူလတန်းအဖြစ်တရားဝင်ဖွင့်ခွင့်ရပါပြီ ”-ဟု မိန့်တော်မူသည်။

ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း ဖွင့်လှစ်ခွင့်ကို ယမန်နှစ် စက်တင်ဘာလကတည်းက တင်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

၀မ့်ငဲန်းရွာရှိ ဘက ကျောင်းမှာ ကျိုင်းတုံမြို့တွင် ပထမဆုံးတည်ထောင်သော ဘက ကျောင်းမဟုတ်ကြောင်း၊ ယခင်ကလည်း ၀မ့်နားခမ်းရွာတွင် ဘက ကျောင်းအဖြစ် ဦးကုန္ဒရ ခေါ် စဝ်ငါးခမ်းက ကြိုးစားတည်ထောင် ခဲ့ဖူးကြောင်း၊ အဆိုပါ ဘကကျောင်းပညာရေးကိုနောက်ပိုင်း ပြည်ထဲရေးဌာနက တာဝန်ယူလိုက်ပြီး ယခုအခါ ကျိုင်းတုံမြို့ နောင်ဖာရွာ လိန်ဆီစေတီတော်ရှိ ဗလငါးတန်ကျောင်းအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း၊ ၀မ့်ငဲန်းကျောင်းတိုက်ရှိဘုန်းတော်ကြီးစာသင်ကျောင်းကို ဘက ကျောင်းအဖြစ် ထပ်မံမှတ်ပုံတင်လိုက်ခြင်းဖြစ် ကြောင်း ဆရာတော်ကမိန့်တော်မူသည်။

သို့သော် သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်စာတွင် – ၄ တန်းအထိသာသင်ကြားခွင့်ပြုထားပြီး ဆရာ ၊ ဆရာမ များကိုလည်း အစိုးရမှ ထောက်ပ့ံငွေပေးဆောင်ခြင်း မပြုနိုင်သေးကြောင်းပါရှိပါသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ၀မ့်ငဲန်းရွာ ဘက ကျောင်းတွင် ကိုယ်ရင်များအပါအဝင် ကျောင်းသူ ကျောင်းသား ၁၁၀ ရှိပြီး ဆရာ၊ ဆရာမ မှာ ၉ ဦးရှိကြောင်း ၊ အစိုးရစာသင်ကျောင်းကဲ့သို့ပင် တနင်္လာနေ့မှ သောကြာနေ့အထိဖြစ်ကြောင်း၊ သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားပေးကြောင်းသိရသည်။

၀မ့်ငဲန်း ဘက ကျောင်းကို ၂၀၁၇ ခုနှစ်မှစပြီးဖွင့်လှစ်သင်ကြားပေးခဲ့သည်။ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ၊ တာချီလိတ် ခရိုင်အတွင်း ဘက ကျောင်းစုစုပေါင်း ၁၇ ကျောင်းရှိကြောင်းနှင့် ဘက ကျောင်းအများစုမှာ ပအို၀်း နှင့် ဗမာတိုင်းရင်းသားလူမျိုးများ၏ကျောင်းများဖြစ်ကြကြောင်းလည်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...