တန်းလွဲဒေသ မီးကျောင်လူး မူလွန်ကျောင်းမှ ထူးဆန်းစွာရရှိသာ ဘုရားဆင်တုတော်အား ဘုန်းတော်ကြီးကျောင်းသို့အပူဇော်ခံရန်ပင့်ဆောင်

တန်းလွဲဒေသ မီးကျောင်လူး မူလွန်ကျောင်းမှ ထူးဆန်းစွာရရှိသာ ဘုရားဆင်တုတော်အား ဘုန်းတော်ကြီးကျောင်းသို့အပူဇော်ခံရန်ပင့်ဆောင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်းဒေသ မီးကျောင်းလူးကျေးရွာ မူလွန်ကျောင်းမှ ထူးဆန်းစွာရရှိသော ဘုရားဆင်းတုငယ်အား ဇူလိုင် ၂၉ ရက်နေ့က စာသင်ကျောင်းမှ ဘုန်းတော်ကြီးကျောင်းသို့ အပူဇော်ခံကိုးကွယ်ရန် ပြောင်းရွှေ့ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဘုရားဆင်းတုငယ်အား အနီးကပ်သွားရောက်လေ့လာခဲ့သူ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းမြင့်က “ မြို့နယ်ပညာရေးမှူး အပါအဝင် လူကြီးတွေလည်း စုံစုံလင်လင် တက်ရောက်ပြီး ဆင်းတုတော်ကို ရရှိခဲ့တဲ့ မူလွန်ကျောင်းမှနေ ကျေးရွာဘုန်းတော်ကြီးကျောင်းကို ဒီလ ၂၉ ရက်နေ့က အပူဇော်ခံကိုးကွယ်ရန် ပြောင်းရွှေ့ခဲ့ပါတယ်”ဟု ပြောကြားသည်။

၎င်းဆင်းတုတော်၏ ဉာဏ်တော်အမြင့်မှာ တစ်လမကျော်ကျော်သာရှိကြောင်း၊ ၎င်းဆင်းတုတော်အား ဇူလိုင် ၂၃ ရက်နေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် မိကျောင်းလူး မူလွန်ကျောင်းမှ ကျောင်းသားငယ် နှစ်ဦးမှ ထူးဆန်းစွာ ရရှိခဲ့သည်ဟု သူက ပြောသည်။

“ ဒီဘုရားဆင်းတုငယ်ကို မိုးကြိုးပစ်ပြီး တံခါးပေါက်ကနေ အလုံးတစ်လုံး ဝင်လာရာကနေ ရတယ်လို့ ပြောပါတယ်။ နှစ်တန်းကျောင်းသားတွေ ဖြစ်ကြတဲ့ မောင်ဇင်ကိုထက်နဲ့ မောင်လင်းဇင်ဦးတို့က သားရေကွင်း ပစ်ကစားနေတဲ့အချိန်မှာ မိုးခြိမ့်သံနဲ့အတူ အလုံးတစ်လုံး ကျောင်းထဲကို ဝင်လာတယ်လို့ ပြောပါတယ်။ သူတို့လိုက်ဖမ်းတော့ ဒီဘုရားကို ရတယ်လို့ ပြောပါတယ်။ အဲဒီနောက် အတန်းပိုင်ဆရာကို သွားအပ်တယ်။ ထူးတော့ ထူးဆန်းပါတယ်။ ဒီသတင်းကို ကြားတဲ့ အတွက် တစ်ညအိပ်ပြီး လာရောက်လေ့လာတာဖြစ်ပါတယ်။ အခု ဓာတ်တော်ကွန့်မြူးတာတွေကိုပါ တွေ့ရတော့ အထူး အံ့သြမဆုံးဖြစ်ရပါတယ်” ဟု ဦးသိန်းမြင့် ပြောဆိုသည်။

ယခု ဤသို့ ဘုရားဆင်းတုတော်ငယ် တစ်ဆူ ထူးဆန်းစွာရရှိခြင်းနှင့် ပတ်သက်ပြီး အများပြည်သူကြားတွင် ဖြစ်နိုင်/ မဖြစ်နိုင် ဝေဖန်မှု အမျိုးမျိုးဖြစ်ပေါ်နေသော်လည်း ဓာတ်တော်ကွန့်မြူးသည်ကို မြင်တွေ့ရသဖြင့် အထူး အံ့သြရကြောင်း သူက ပြောဆိုသည်။

“ ဒီလ ၂၄ ရက်နေ့မှာ တစ်ကြိမ် ဘုရားဖူး ၅၀၀ ခန့်ရှိတဲ့ အချိန် ရောင်ခြည်တော် ကွန့်မြူး ခဲ့ပါတယ်။ ဇူလိုင် ၂၅ နေ့လယ် တစ်နာရီ ၁၅ မိနစ်အချိန်တွင် ဘုရားဖူး ၈၀၀ ခန့်ရှိသည့် အချိန်မှာ ရောင်တော် ထပ်မံကွန့်မြူးပါတယ်။ အဲဒီညဉ့် ၁ နာရီ မိနစ် ၃၀ မှာလည်း ကျွန်တော်ကိုယ်တိုင် ဘုရားဂေါပနဲ့ အတူရှိနေစဉ်မှာ ရောင်တော်ကွန့်မြူးပါတယ်။ ဗီဒီယိုရိုက်ထားတာလည်း ရှိပါတယ်။ ဇူလိုင် ၂၆ ရက် နေ့လယ် ၁ နာရီ ၁၇ မိနစ်ခန့် ကလည်း ပရိသတ် ၂၀၀၀ ခန့်ရှိစဉ်မှာ ရောင်တော် ကွန့်မြူးခဲ့တယ်လို့ သိရပါတယ်” ဟု ဦးသိန်းမြင့်က ပြောဆိုသည်။

မီးကျောင်းလူးရွာမှ ဒေါ်ချယ်ရီဦးကလည်း ၎င်းနေ့က ရွာတောင်ဘက်က မိုးကြိုးပစ်ကြောင်း၊ မိုးကြိုးပစ်ရာမှ ဖြစ်ပေါ်သည့် အရောင်မှာ ထူးခြားဆန်းကြယ်ကြောင်း ပြောကြားသည်။

ကျောင်းသားငယ် နှစ်ဦးမှ ကျောင်းထဲသို့ ဝင်လာသည့် အရောင်ထွက်နေသည့် အလုံးကြီး တစ်လုံးမှ ရရှိသည့် အရုပ်ဟု လာအပ်သဖြင့် ကြည့်လိုက်ရာ ဘုရားဆင်းတုတော်ငယ် တစ်ဆူ ဖြစ်နေသည်ကို တွေ့ရကြောင်း အတန်းပိုင်ဆရာမှလည်း ဗီဒီယိုဖိုင် မှတ်တမ်းတစ်ခုတွင် ပြောကြားထားသည်။

အဆိုပါ ဘုရားဆင်းတုတော်နှင့် ပတ်သက်ပြီး ထူးခြားမှုရှိသည်ဟုဆိုကာ ပတ်ဝန်းကျင်မှ လာရောက် ဖူးမျှော်နေသူများပြားနေသည်ဟု သတင်းရရှိသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...